မန္တလေး စည်ပင်ကော်မတီ ၁၁ ဦး ထုတ်ပယ်ခံရ


2016.07.08
mcdc-620.jpg မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အဦးကို တွေ့ရစဉ်။
Photo: RFA

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှာ တာဝန်ထမ်းဆောင်နေတဲ့ ကော်မတီဝင် ၁၁ ဦးကို တာဝန် ကနေ ရပ်ဆိုင်းလိုက်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က မနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့လက မန္တလေးတိုင်းလွှတ်တော်မှာ အတည်ပြုလိုက်တဲ့ ၂၀၁၄ မန္တလေးမြို့တော် စည်ပင်သာ ယာရေးဥပဒေ ကို ပြင်ဆင်တဲ့ဥပဒေအတိုင်း ဆောင်ရွက်တာဖြစ်တယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်း က ပြောပါတယ်။

"ဇွန်လ ၁၆ ရက်နေ့က လွှတ်တော်ကနေပြီးတော့လေ ၂ဝ၁၄ မန္တလေးမြို့တော် စည်ပင်သာယာရေးကော် မတီကို ပြင်ဆင်တဲ့ဥပဒေအမှတ် ၁/၂ဝ၁၆ နဲ့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကနေပြီးတော့ အတည်ပြုထားတယ်၊ အရင် ၂ဝ၁၄ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ ဥပဒေမှာ ကျတော့ ကော်မတီရဲ့သက်တမ်း မဖော်ပြထားဘူးပေါ့နော်၊ အဲ့ဒီတော့ ကော်မတီရဲ့သက်တမ်းကို ဘယ်လိုဥပဒေမှာပြင်ဆင်လိုက်လဲဆိုတော့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရဲ့သက်တမ်းက ဒီကော်မတီကိုဖွဲ့စည်းပေးခဲ့တဲ့ အစိုးရရဲ့သက်တမ်းနဲ့ အညီဖြစ်သည်ဆိုပြီးတော့ ပြင်လိုက်တာပေါ့နော်၊ အခုလည်း ဒီအစိုးရကဖွဲ့စည်းပေးမယ်ဆိုတဲ့ သဘောပေါ့"

တာဝန်ကရပ်ဆိုင်းခံရသူတွေဟာ အရင်အစိုးရက တိုက်ရိုက်ခန့်အပ်ထားတဲ့ အတွင်းရေးမှူး ၁ ဦး၊ ကော်မတီဝင် ၄ ဦးနဲ့ မဲပေးရွေးချယ်ခန့်အပ်ထားတဲ့ ဒုတိယမြို့တော်ဝန် ၁ ဦး၊ ကော်မတီဝင် ၅ ဦး စုစုပေါင်း ၁၁ ဦး ဖြစ်ပါတယ်။

ကော်မတီအသစ်မှာ အစိုးရကတိုက်ရိုက်ခန့်အပ်မယ့် ၅ ဦးကို လာမယ့် ၂ ပတ်အတွင်း ခန့်အပ်ဖို့ နဲ့ မဲပေးရွေး ချယ်ရမယ့် ၆ ဦးကို လာမယ့် ၃ လ အတွင်း ရွေးကောက်ပွဲပြုလုပ်ကာ ခန့်အပ်သွားဖို့ တိုင်းဒေသကြီးအစိုးရက ညွှန်ကြားထားကြောင်းလည်း ပြောပါတယ်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီကို မြို့တော်ဝန်နဲ့ တွဲဖက်အတွင်းရေးမှူးအပါအဝင် အများဆုံး ၁၅ ဦး၊ အနည်းဆုံး ၁၃ ဦး နဲ့ ဖွဲ့စည်းရမှာဖြစ်တယ်လို့ ဥပဒေမှာပါရှိတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။