မြရည်နန္ဒာမြို့သစ် ကျူးကျော်နေထိုင်သူနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် ရုန်းရင်းဆန်ခတ်ဖြစ်

မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာမြို့သစ် မြရည်နန္ဒာ ရပ်ကွက်အတွင်း ကျူးကျော် နေထိုင်သူတွေကို အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေက ဒီကနေ့ အဓမ္မဝင်ရောက် ရိုက်နှက်ဖယ်ရှား ခိုင်းခဲ့တဲ့အတွက် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး ကိုယ်ဝန်ဆောင် နှစ်ဦးအပါအဝင် စုစုပေါင်း ၇ ဦး ဒဏ်ရာရှိခဲ့ပါတယ်။

2012.08.21
mdy-slum-b305 ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၁ ရက်က လုံခြုံရေး တပ်ဖွဲ့များ အဓမ္မဝင်ရောက် ဖယ်ရှားခြင်း ခံခဲ့ရသည့် မြရည်နန္ဒာ ရပ်ကွက်အတွင်း ကျူးကျော် နေထိုင်သူများကို တွေ့ရစဉ်။
RFA

ဒီနေ့မနက် (၇) နာရီခွဲလောက်က ရဲတပ်ဖွဲ့ ဝင်တွေက မြရည်နန္ဒာ ရပ်ကွက်ကို ဝင်ရောက်ခဲ့ပြီးနောက် ကျူးကျော်နေအိမ် ၅၂၀ ကို အဓမ္မ ရွှေ့ပြောင်းခိုင်းခဲ့ရာမှာ ရပ်ကွက်သူ ရပ်ကွက်သားတွေကို ရိုက်နှက်ခဲ့တယ်လို့ ရပ်ကွက်သူ အမျိုးသမီး တစ်ဦးက RFA ကို ပြောပါတယ်။

"ကျွန်တော်တို့ ပြည်သူတွေပေါ် မငဲ့ညာပဲနဲ့ သူတို့က ဝင်ရောက်ပြီး အကြမ်းဖက်တယ်။ လက်နက်တွေနဲ့။ ယောင်္ကျား၊ မိန်းမ အကုန်ဆွဲချတယ်။ ကျွန်တော်တို့က သမ္မတကြီး ကယ်ပါ အော်လေ၊ သူတို့က ဆွဲချလေ။ သမ္မတကြီး ကယ်ပါ အော်လေ၊ ရိုက်လေ။ ကျွန်တော်တို့ ပြည်သူတွေဘက်က လက်နက်၊ တုတ်၊ ဓားလက်နက် တစ်ယောက်မှ မကိုင်ပါဘူး။ ငြိမ်းချမ်းစွာ ကျွန်တော်တို့က တောင်းပန်တာ။ ရှိခိုးပြီးတော့၊ အသက်ကြီးတဲ့သူတွေ အကုန်လုံးရှိခိုးပြီးတော့ကို တောင်းပန်တာကို သူတို့ကမရတာ။ ဗိုလ်မှူးကြီး တစ်ယောက်ကတော့ ကျည်ဆန်ကတ်တွေကိုလေ၊ သူ့တပည့်တွေကို အကုန်ကျည်ဆန်ကတ်လိုက် ဝေတယ်။ ပစ်မိန့်ရပြီတဲ့၊ ဖမ်းမိန့်ရပြီတဲ့၊ ပစ်ဆိုပြီး ခိုင်းတယ်"

ဒဏ်ရာရသူတွေကို ဆေးရုံပို့ထားပြီး အဲဒီအထဲက နှလုံးရောဂါအခံရှိတဲ့ သက်ကြီးလူနာ တစ်ဦးကတော့ သတိမေ့နေဆဲဖြစ်ပြီး အသက် အန္တရာယ် စိုးရိမ်ရတယ်လို့ သိရပါတယ်။

အဲဒီ ကျူးကျော်ရပ်ကွက်ကို အာဏာပိုင်တွေက တရုတ်လုပ်ငန်းရှင်တွေကို ရောင်းချထားတယ်လို့ သိရပါတယ်။ လောလောဆယ် ရဲတပ်ဖွဲ့ဝင်တွေ ရပ်ကွက်တွင်းက ထွက်ခွာသွားပြီ ဖြစ်ပေမယ့် နောက်တကြိမ် ထပ်လာဦးမယ်ဆိုတဲ့ ကောလာဟလတွေ ကြောင့် ကျူးကျော် အခြေချနေထိုင်သူတွေ စိုးရိမ်မကင်း ရှိနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။