မန္တလေးဆူပူမှု ထောင်ဒဏ် အပြစ်ပေး


2014.12.30
mdy-court-305.jpg မန္တလေးခရိုင် တရားရုံးကို တွေ့ရစဉ်။
Photo: Nay Thwae/ RFA

မန္တလေးမြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက အကြမ်းဖက် ဆူပူမှုအတွင်း အရပ်သား ကိုထွန်းထွန်း သေဆုံးခဲ့တဲ့ အမှုနဲ့ပတ်သက်ပြီး တရားစွဲခံထားရသူ ၁၁ ဦးကို မန္တလေး ခရိုင်တရားရုံးက ထောင်ဒဏ် ၁၀ နှစ်ကနေ ၁၃ နှစ်အထိ အသီးသီးချမှတ်လိုက်ပါတယ်။

အဲ့ဒီ ၁၁ ဦးကို လူသတ်မှု၊ အားပေးကူညီမှု၊ လက်နက် ကိုင်ဆောင်မှု၊ လက်နက်ဖျောက်ဖျက်မှု၊ လုယက် နာကျင်စေမှု စတဲ့ ပုဒ်မတွေနဲ့ အမိန့်ချပြီး အိုးဘို အကျဉ်းထောင်ကို ပို့ဆောင်လိုက်ပါတယ်။ တရားခံ ၁၁ ဦးထဲက တစ်ဦးကို ထောင်ဒဏ် ၁၃ နှစ်၊ ၇ ဦးကို ထောင် ဒဏ် ၁၀ နှစ်၊ တစ်ဦးကို ၁၁ နှစ်နဲ့ ၂လ၊ တစ်ဦး ကို ထောင်ဒဏ် ၁၁ နှစ် ၆လ၊ တစ်ဦးကို ထောင်ဒဏ် ၁၀ နှစ်နဲ့ ၆လ စီ ချမှတ်လိုက်တာဖြစ်ပါတယ်။

ကိုထွန်းထွန်းသေဆုံးမှုမှာ ပါဝင်ပတ်သက်သူ ၇ ဦး လွတ်မြောက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းက ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦး မတရား ပြုကျင့်ခံရတယ်ဆိုပြီး ပျဉ်းမနား ရဲစခန်းမှာ လိမ်လည်တိုင်တန်းမှုကြောင့် နောက်ဆက်တွဲအနေနဲ့ မန္တလေးမှာ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တာပါ။

ဆူပူမှုအတွင်း ဗုဒ္ဓဘာသာဝင် ကိုထွန်းထွန်းနဲ့ အစ္စလမ်ဘာသာဝင် ဦးစိုးမင်းထွေး သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကို ရက်ပေါင်း ၄၀ကျော်ကြာ ထုတ်ပြန်ခဲ့ရပါတယ်။ ဦးစိုးမင်းထွေး သေဆုံးမှုနဲ့ ပတ်သက်သူ ၄ ဦးကို ပြီးခဲ့တဲ့ အောက်တိုဘာလမှာ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။