ရတနာပုံကျောင်းသားအသတ်ခံရမှု တရားခံမိဖို့ ခက်နေတယ်လို့ ရဲမှူးပြော


2018.12.28
soe-moe- hein-622 မန္တလေးမြို့မှာ အသတ်ခံလိုက်ရတဲ့ ရတနာပုံတက္ကသိုလ်ကျောင်းသား ကိုစိုးမိုးဟိန်း။
Photo:Ye Myo Swe(ABFSU)

ဒီဇင်ဘာလ ၂၅ ရက်နေ့က မန္တလေးမြို့မှာ အသတ်ခံလိုက်ရတဲ့ ရတနာပုံတက္ကသိုလ်က ကုန်ထုတ် ဓာတု နောက်ဆုံးနှစ်ကျောင်းသား ကိုစိုးမိုးဟိန်းရဲ့ အမှုနဲ့ပတ်သက်လို့ တရားခံတွေကို ဖမ်းမိဖို့ ခက်နေတယ်လို့ အမရပူရမြို့နယ်က ရဲမှူးတင်အေးကျော်က RFA ကို ပြောပါတယ်။

ဒီဖြစ်ရပ်မှာ ကိုစိုးမိုးဟိန်းနဲ့ အတူရှိနေတဲ့ သူ့ရဲ့ချစ်သူ အဝေးသင်ကျောင်းသူ မခိုင်ဇင်ဝေနှင်းက အဓိက မျက်မြင်သက်သေဖြစ်နေပြီး သူက ကျူးလွန်တဲ့လူတွေ၊ သူတို့ စီးလာတဲ့ မော်တော်ဆိုင်ကယ် အမျိုးအစားတွေ၊ နံပါတ်တွေ မသိလိုက်တဲ့အတွက် တရားခံမိဖို့ ခက်နေတာလို့ ရဲမှူးက ပြောပါတယ်။

အခင်းဖြစ်တဲ့နေရာမှာ ကျူးလွန်သူတွေဆီက ဓားတလက်နဲ့ ဖိနပ်တွေကျန်ခဲ့လို့ သက်သေခံပစ္စည်းတွေ ရထားပါတယ်။ ဒါပေမယ့် အဲဒီပစ္စည်းတွေကနေ လက်ဗွေနဲ့ DNA မျိုးရိုးဗီဇစစ်ပြီး ဖော်ထုတ်နိုင်မှာ မဟုတ်ဘူးလို့ ရဲမှူးက ဆိုပါတယ်။

သေဆုံးသူ ကိုစိုးမိုးဟိန်းရဲ့ မိဘတွေကလည်း တရားခံစစ်စစ်ကိုပဲ ဖော်ထုတ်မိစေချင်ပြီး မသက်ဆိုင်တဲ့သူတွေ ခံရမှာကို မလိုလားဘူးလို့ ဦးလေးဖြစ်သူ ဦးဇော်မိုးနိုင်က RFA ကို ပြောပါတယ်။

အခုလို မန္တလေးတိုင်းက တက္ကသိုလ်တွေမှာ ခြောက်လအတွင်း ကျောင်းသား သုံးယောက် အသတ်ခံရတာ၊ ကျောင်းသားတွေ အသက်အန္တရာယ်စိုးရိမ်နေရတာ၊ ပစ္စည်းတွေ မကြာခဏ လုယက်ခံရ၊ ခိုးယူခံရတာတွေကြောင့် လုံခြုံရေးကောင်းအောင် စီစဉ်ပေးဖို့ ကျောင်းသားသမဂ္ဂတွေက တောင်းဆိုနေပေမယ့် တာဝန်ရှိအစိုးရက လျစ်လျူရှုထားတဲ့အတွက်ကြောင့်ဆိုပြီး၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ အစိုးရအဖွဲ့ဝင်အချို့အပါအဝင် ရတနာပုံတက္ကသိုလ်ပါမောက္ခချုပ်တို့ရဲ့ အသုဘအခေါင်းပုံစံလုပ်ပြီး အဲဒီအခေါင်းကိုမီးရှို့ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီလိုဆန္ဒပြခဲ့တဲ့ ရတနာပုံကျောင်းသားသမဂ္ဂခေါင်းဆောင်တွေဖြစ်တဲ့ ကိုသီဟရဲကျော်၊ ကိုရဲမင်းထွန်းနဲ့ ကိုရဲမျိုးဆွေတို့ သုံးယောက်ကို ရဲတပ်ဖွဲ့ကဖမ်းလိုက်ပြီး ပုဒ်မ ငါးခုနဲ့ အမှုဖွင့်လိုက်ပါတယ်။

နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ တာဝန်ဝတ္တရားနှောင့်ယှက်မှု၊ မီးရှို့မှု၊ အားပေးအားမြောက်မှု၊ ငြိမ်းစုစီ ဥပဒေချိုးဖောက်မှုတွေနဲ့ အမရပူရ ရဲစခန်းက အမှုဖွင့်ထားတယ်လို့ မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုရဲမှူးကြီးမျိုးအောင်က RFA ကိုပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။