မန်းငြိမ်းမောင်အမှု ထောင်ပိုင်နှစ်ဦးကို ဒီကနေ့ စစ်ဆေး
2012.03.01
KNU ဗဟို ကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်
RFA
KNU ကရင်အမျိုးသား အစည်းအရုံး ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဖဒိုမန်းငြိမ်းမောင်အမှုကို အင်းစိန်ထောင် အထူးတရားရုံးမှာ ဒီနေ့ ဆက်လက် စစ်ဆေးရာမှာ တရားခံပြသက်သေအဖြစ် ထောင်ပိုင်နှစ်ဦးကို
စစ်ဆေးခဲ့တာပါ။
လက်ရှိထောင်ပိုင်ကြီး ဦးမိုးဇော်နဲ့ အငြိမ်းစားယူသွားတဲ့ ထောင်ပိုင် ဦးသက်ရှည်တို့ရဲ့ ထွက်ဆိုချက်နဲ့ ပတ်သက်ပြီး ရှေ့နေ ဦးကြီးမြင့်က ၅ ရက်နေ့မှာ ဖဒိုမန်းငြိမ်းမောင်ကို စအဖကို လွှဲပေးခဲ့ရပြီး
၂၅ ရက်နေ့မှာ မိမိတို့ဆီကို ပြန်ရောက်လာတဲ့ မှတ်တမ်းပဲရှိကြောင်း၊ ထောင်မှာ လာတွေ့တဲ့မှတ်တမ်းတော့ မိမိတို့ဆီမှာ မရှိကြောင်း ထွက်ဆို သွားကြတယ်လို့ ပြောပါတယ်။
ဒါ့အပြင် တရားခံပြသက်သေ နောက်တစ်ဦးဖြစ်တဲ့ ငြိမ်းချမ်းရေးအကျိုးဆောင် တောင်ကလေးဆရာတော် ဘဒ္ဒ န္တ ပညာသာမိ ဒီနေ့ ရုံးချိန်း ကြွရောက် မလာနိုင်တာကြောင့် နောက်တစ်ပတ်ရုံးချိန်းမှာ
ကြွရောက်လာနိုင်ရင် ဆရာတော်ကို သက်သေအဖြစ် စစ်ဆေးမယ်လို့လည်း ပြောပါတယ်။
ဖဒိုမန်းငြိမ်းမောင်ကို အစိုးရဘက်က KNUနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အကူအညီတောင်းလို့ အကြံဉာဏ်တွေ ပေးခဲ့တယ်လို့ ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။ မန်းငြိမ်းမောင်ဆီက အကြံဉာဏ်
လာရောက်ယူသူတွေက မန်းငြိမ်းမောင်ကို ‘ငြိမ်းချမ်းရေးသာ ရအောင်လုပ်ပေးပါ၊ အမူကိစ္စကို တာဝန်ယူပါတယ်’လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။
ဒီအတွက် သက်သေအထင် အရှားပြသနိုင်အောင် ရထားပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်းနဲ့ နေပြည်တော်က အရာရှိကြီးလေးဦးကို ခေါ်ယူဖို့ တရားခံပြသက်သေ တင်ခဲ့ရာမှာ ပြီးခဲ့တဲ့အပတ်က တရားရုံးက
ပယ်ချခဲ့ပြီး ထောင်ပိုင်နှစ်ဦးနဲ့ တောင်ကလေး ဆရာတော်ကိုပဲ သက်သေအဖြစ် လက်ခံခဲ့တာဖြစ်ပါတယ်။









