ကလေးမြို့ ကြေညာစာတမ်းကို အဖွဲ့အစည်းများ ထောက်ခံ

ဒုတိယအကြိမ် ပင်လုံညီလာခံ ခေါ်ယူရေးအတွက် ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်းကို အပြည့်အဝ ထောက်ခံကြိုဆိုကြောင်း NCUB ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီက အောက်တိုဘာ ၂၉ ရက် ဒီကနေ့ ထုတ်ပြန်ပါတယ်။

2010.10.29
kalay_declaration_305_z ၂၀၁၀ ရွေးကောက်ပွဲရလဒ်သည် အမျိုးသား ပြန်လည်သင့်မြတ်ရေး အပြောင်းအလဲ ဖြစ်လာနိုင်မည် မဟုတ်သည့်အတွက် ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရန် ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၄ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည့် ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်းမှ စာပိုဒ်အချို့။ (Image: RFA)
(Image: RFA)

NCUB အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်သပိတ်မှောက်ရေး လုပ်ငန်းစဉ်တွေကို ပြည်တွင်းပြည်ပ အင်အားစု အသီးသီးနဲ့ အတူ လက်တွဲဆောင်ရွက်သွားမယ့် အကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အလားတူပဲ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ကလေးမြို့ကြေညာစာတမ်းကို အပြည့်အဝ ထောက်ခံကြောင်း ထုတ်ပြန်လိုက်ပါတယ်။ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က မတင်တင်နွယ် က ခုလို ပြောပါတယ်။

“ဒီ ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေး အင်အားစုတွေ၊ တိုင်းရင်းသား အင်အားစု ခေါင်းဆောင်တွေက ထုတ်ပြန်ကြေညာချက်ပေါ့နော်၊ ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်းဟာ တကယ်တမ်းကျတော့ မြန်မာပြည် အပြောင်းအလဲအတွက် အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် တကဲ့ကို သင့်လျော်တဲ့၊ မှန်ကန်တဲ့ နိုင်ငံရေး သဘောတရား ဖြစ်တယ်၊ နိုင်ငံရေး လုပ်ဆောင်ချက် ဖြစ်တယ်ပေါ့။ ဒါကြောင့် ကျွန်မတို့ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ဒီအပေါ်မှာ အပြည့်အဝ ထောက်ခံတယ်၊ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်သွားမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီ ထုတ်ပြန်ကြေညာချက်ကို ထုတ်လိုက်တာပါ။”

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) အနေနဲ့ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးအပေါ် အခြေခံပြီး ဖယ်ဒရယ် ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်နိုင်မှ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းသာယာပြီး ရေရှည် ဖွံ့ဖြိုး တိုးတက်မဲ့ လူမှုဘဝ အဆင့်ဆင့်ကို တက်လှမ်းနိုင်မယ်လို့ ယုံကြည်ထားတယ်လို့လည်း သူက ဆိုပါတယ်။

ဒီအချက်တွေကို စစ်အစိုးရ ကျင်းပတော့မယ့် ရွေးကောက်ပွဲက ဆောင်ကြဉ်းပေးနိုင်မှာ မဟုတ်ကြောင်း၊ ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်းပါ တောင်းဆိုချက်အတိုင်း ဒုတိယအကြိမ် ပင်လုံညီလာခံကို ခေါ်ယူဆွေးနွေးဖို့ လိုအပ်ကြောင်း၊ ဒီလုပ်ငန်းစဉ်တွေ အောင်မြင်အောင် လက်တွဲ ဝိုင်းဝန်း ဆောင်ရွက်ဖို့ လိုအပ်ကြောင်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ရဲ့ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။