ဒု-သမ္မတ ရွေးချယ်ရေးကိစ္စ လွှတ်တော် တစ်ရက်ရပ်နား


2016.03.08
winmyint-feb26-620.jpg လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် ကို ပြည်သူ့လွှတ်တော်မှာ တွေ့ရစဉ်
.

ဒုတိယသမ္မတ ရွေးချယ်တင်မြှောက်ရေး အစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် မတ် ၉ ရက်တွင် ကျင်းပမည့် ပြည်သူ့လွှတ်တာ် အစည်းအဝေးအား ရပ်နား ထားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မူလက မတ် ၉ ရက်တွင် ပြည်သူ့လွှတ်တော်အစည်းအဝေး ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက မတ် ၈ ရက် ပြည်သူ့လွှတ် တော်အစည်းအဝေးအပြီး တွင် ကြေညာခဲ့သည်။

လွှတ်တော်အစည်းအဝေး ကျင်းပမည်ဆိုပါက အစည်းအဝေးအစီအစဉ်အား ကြိုတင် ဖြန့်ဝေလေ့ရှိပြီး မတ် ၈ ရက်အစည်း အဝေးအပြီးတွင် မတ် ၉ ရက် အစည်းအဝေး အစီအစဉ်အား ဖြန့်ဝေခဲ့ခြင်းမရှိဘဲ မွန်းလွဲပိုင်းမှသာ အစည်းအဝေး အစီအစဉ် ထွက်ပေါ်လာပြီး လွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ေ၀ ခဲ့ခြင်းဖြစ်ကာ အဆိုပါ အစည်းအဝေး အစီအစဉ်တွင်လည်း ဒေသဖွံ့ဖြိုးရေးမေးခွန်း နှစ်ခုသာ ပါဝင်သည်။

ထို့နောက် အစည်းအဝေး အစီအစဉ်အား ဖြန့်ဝေအပြီးတွင် အစီအစဉ်အား ပြုလုပ်ခြင်း မပြုတော့ဘဲ လွှတ်တော်အစည်းအဝေး ရပ်နားကြောင်း လွှတ်တော်ရုံး မှ ပြန်လည် အကြောင်းကြားခြင်းဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ စုံစမ်းသိရသည်။

"ပြည်သူ့လွှတ်တော်နားတာ ဟုတ်ပါတယ်။ အကြောင်းရင်းကတော့ အစုအဖွဲ့လေးတွေ အစည်းအဝေးလုပ်ကြမှာပါ။ သဘက်ခါ မတ် ၁၀ ရက်အတွက် ပြင်ဆင်စရာလေး တွေရှိလို့ပါ။ အစည်းအဝေးအစီအစဉ်က နေ့လယ်ပိုင်းကထွက်တယ်။ နောက်ပြီးတော့မှ ပြန်ဖျက်လိုက်တာ။ တခြားအကြောင်းရင်းတော့မရှိပါဘူး" ဟု ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

"မနက်ဖြန် ဗုဒ္ဓဟူးနေ့ (မတ် ၉ ရက်) အစီအစဉ်ကို ဖျက်လိုက်တယ်။ကြာသပတေးနေ့မှာပဲ အစုအဖွဲ့ရွေးချယ်ခြင်းကို လုပ်တော့မယ်။ ဘာဖြစ်လို့လဲတော့ မသိဘူး။ မနက်ဖြန် အာဂျင်ဒါမှာလည်း တကယ်တမ်းဘာမှမပါဘူး။ မေးခွန်းနှစ်ခုမေးမှာပဲ။ ဝန်ကြီးတွေက မလာတဲ့အခါကျတော့ ပြီးသွားရော။ ဆရာထင်တာတော့ ဝန်ကြီးတွေ မလာဘူးလို့ထင်တာပဲလေ။ အရင်ကတည်းက မလာတော့ တာကို" ဟု ပြည်သူ့လွှတ်တော်လွှတ်တော် အခွင့်အရေးကော်မတီ ဥက္ကဋ္ဌဒေါက်တာလှမိုးက ပြောကြားသည်။

အလားတူ အမျိုးသားလွှတ်တော် အစည်းအဝေးများအား အစိုးရရုံးပိတ်ရက်ဖြစ်သည့် မတ် ၂ ရက် (တောင်သူလယ်သမား နေ့) မှ စတင်ကာ လက်ရှိအချိန်အထိ ရပ်နားထားသည်။

နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်နိုင်ရန်အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့အလိုက် အစည်းအဝေး များကို မတ် ၁၀ ရက်မှစ၍ ပြုလုပ်မည်ဖြစ်သည်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။