ရိုဟင်ဂျာ အကျပ်အတည်းဟာ အမေရိကန်အကူအညီအတွက် အဟန့်အတားဖြစ်နေ


2018.05.19
markgreen-622.jpg ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ Lotte ဟိုတယ်မှာပြုလုပ်တဲ့ ဒီမိုကရေစီအကြောင်း အလုပ်ရုံဆွေးနွေးပွဲမှာ အမေရိကန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံဖြိုးတိုးတက်ရေးအေဂျင်စီ USAID က အုပ်ချုပ်ရေးမှူး Mark Green ကို ၂ဝ၁၈ ခုနှစ် မေလ ၁၉ ရက်နေ့က တွေ့ရစဉ်
Photo: Thant Zin Oo/RFA

အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ယုံကြည်ကြောင်း၊ အကူအညီတွေ ပေးသွားနိုင်ဖို့အတွက် ကြီးမားတဲ့အဟန့်အတားဖြစ်နေတာဟာ ရိုဟင်ဂျာအရေးဖြစ်ကြောင်း၊ ရိုဟင်ဂျာ ဒုက္ခသည်တွေအရေးကို ရေရှည်တည်တံ့မယ့် အဖြေမျိုးနဲ့ ဖြေရှင်းနိုင်ဖို့လိုအပ်ကြောင်း USAID အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ အုပ်ချုပ်ရေးမှူး Mark Green က ပြောပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ Lotte ဟိုတယ်မှာပြုလုပ်တဲ့ ဒီမိုကရေစီအကြောင်း အလုပ်ရုံဆွေးနွေးပွဲမှာ တက်ရောက်လာသူတစ်ဦးက မေးမြန်းရာမှာ Mr. Green က အခုလို ဖြေကြားပါတယ်။

"အမေရိကန်နိုင်ငံဟာ မြန်မာနိုင်ငံကို ယုံကြည်သူတွေဖြစ်ပါတယ်။ ဒီတိုင်းပြည်ရဲ့အနာဂတ်ကို ယုံကြည် သူတွေဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ အကူအညီပေးနိုင်သူတွေ ဖြစ်လိုပါတယ်။ ဒါပေမဲ့ ကျနော်တို့ ကူညီချင် ပံ့ပိုးပေးချင်ပေမယ့် အဟန့်အတားတွေရှိနေပါတယ်။ အဲဒီအထဲကတစ်ခုကတော့ ရိုဟင်ဂျာအရေးဖြစ်ပါတယ်။ ဒီအကျပ်အတည်းကို ဖြေရှင်းကိုဖြေရှင်းရပါမယ်။ အဲဒီလိုဖြေရှင်းတဲ့အခါ ရေရှည်တည်တံ့ခိုင်မြဲမယ့် ဖြေရှင်းမှု မျိုးဖြစ်ဖို့လိုပါတယ်"

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအုတ်မြစ်ခိုင်မြဲဖို့ဆိုရင် အစိုးရအနေနဲ့ ပြည်သူတွေရဲ့အသံကို နားထောင်ရမှာဖြစ်သလို၊ သတင်းမီးဒီယာတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ အားကောင်းဖို့ လိုအပ်ပါတယ်လို့ Mr. Green က ပြောပါတယ်။ လူထုကို ကိုယ်စားပြုတဲ့ ဒီမိုကရေစီစနစ်ဆိုတာဟာ အာဏာရှိသူတွေရဲ့ အသံတင်မဟုတ်ဘဲ သာမန်ပြည်သူတွေ ရဲ့အသံ၊ လူနည်းစု၊ ဘာသာမတူသူတွေရဲ့ အသံကိုလည်း နားထောင်ဖို့လိုအပ်ကြောင်း ပြောခဲ့ပါတယ်။

Mr. Green ဟာ သူ့ရဲ့ တတိယအကြိမ်မြောက်ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို မေလ ၁၇ ရက်နေ့ကနေ ၂၁ ရက်နေ့ လာရောက်တာဖြစ်ပြီး နေပြည်တော်မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့သလို ရန်ကုန်နဲ့ ရခိုင်ပြည်နယ်က အစိုးရတာဝန်ရှိသူတွေ၊ အရပ်ဖက် လူ့အဖွဲ့အစည်းခေါင်းဆောင်တွေ၊ လူငယ်အဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။