မတူပီတိုက်ပွဲအတွင်း နိုင်ငံရေးအကျဉ်းသား ၁၃ ဦး လွတ်မြောက်

RFA Burmese
2024.07.04
မတူပီတိုက်ပွဲအတွင်း နိုင်ငံရေးအကျဉ်းသား ၁၃ ဦး လွတ်မြောက် ချင်းပြည်နယ် မတူပီတိုက်ပွဲအတွင်း လွတ်မြောက်လာကြသည့် စစ်ကောင်စီက ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားတချို့အား ၂ဝ၂၄ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့က တွေ့ရစဉ်။
Photo: Chinland Defense Force Matupi - Brigade 1

ချင်းပြည်နယ် မတူပီမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီက ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသား ၁၃ ဦး လွတ်မြောက်လာကြောင်း ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့-မတူပီ (တပ်မဟာ-၁) က ဇူလိုင် ၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

လွတ်မြောက်လာသူတွေထဲမှာ အမျိုးသား ၁၂ ဦးနဲ့ အမျိုးသမီးတစ်ဦးပါဝင်ပါတယ်။ အဲဒီသူတွေထဲမှာ ထောင်ဒဏ်တစ်သက်ချမှတ်ခံထားရသူ နှစ်ဦးနဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) လုပ်ခဲ့လို့ ဖမ်းဆီးခံရတဲ့ ဝန်ထမ်းနှစ်ဦးလည်း ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

မတူပီမြို့က နိုင်ငံရေးအကျဉ်းသားတွေကို စစ်ကောင်စီက ဇွန်လ ၆ ရက်နေ့ကစပြီး မတူပီမြို့မ ရဲစခန်းအချုပ်ကနေ မတူပီအခြေချ စစ်ဗျူဟာနဲ့ ခလရ (၁၄၀) ဘက်ကို ပြောင်းရွှေ့ခဲ့တဲ့အပြင် တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့က ဒဏ်ရာရရဲဘော်တွေကို သယ်ဖို့ အတင်းအဓမ္မ ခိုင်းစေခံခဲ့ရတယ်လို့လည်း ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့-မတူပီ (တပ်မဟာ-၁)က ထုတ်ပြန်ထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

မတူပီမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်တပ်ဖွဲ့တွေနဲ့အတူ ရက္ခိုင့်တပ်တော် (AA)၊ ယောတပ်မတော် (Yaw Army)နဲ့ ယောကာကွယ်ရေးတပ် (YDF)တို့ ပူးပေါင်းပါဝင်ခဲ့ပြီး ဇွန်လ ၉ ရက်နေ့က ထိုးစစ် စတင်တိုက်ခိုက်ခဲ့တာပါ။

ဇွန်လ ၂၉ ရက်နေ့မှာတော့ ချင်းညီနောင်နဲ့ မဟာမိတ်အဖွဲ့တွေက မတူပီမြို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။