မောင်တောမှာ စိတ်ကြွဆေးပြား ၁၆ သိန်းကျော် ဖမ်းမိ
2017.05.12
ဘူးသီးတောင်မြို့နယ် ၆ မိုင်စစ်ဆေးရေးဂိတ်မှာ မေ ၁၁ ရက်နေ့က ဖမ်းဆီးရမိတဲ့ စိတ်ကြွဆေးပြားအထုပ်တွေကို တွေ့ရစဉ်
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ၆ မိုင်စစ်ဆေးရေးဂိတ်မှာ ကာလတန်ဖိုးငွေကျပ် ၃ ဘီလီယံကျော် တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြားပေါင်း ၁၆ သိန်းကို မနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေးကော်မတီ က ထုတ်ပြန်ပါတယ်။
နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းအဖွဲ့ဟာ ဘူးသီတောင်မြို့နယ် ၆ မိုင် စစ်ဆေးရေးဂိတ်မှာ သတင်းအရ ကုန်တင်ယာဉ်တစ်စီးကို ရှာဖွေရာမှာ ဖမ်းဆီးရမိခဲ့တာလို့ ပါရှိပါတယ်။
ဒီကိစ္စအတွက် ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်ကို အမှုဖွင့်ထားပြီး အဓိကပိုင်ရှင်က ဘယ်သူဘယ်ဝါ ဖြစ်တယ် ဆိုတာကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။
ပြီးခဲတဲ့မေလ ၁ ရက်နေ့ကလည်း မောင်တောမြို့ ၃ မိုင်စစ်ဆေးရေးဂိတ်မှာ တပ်မတော်အရာရှိတစ်ဦး စီးနင်းလိုက် ပါလာတဲ့ ကားပေါ်ကနေ စိတ်ကြွမူးယစ်ဆေးပြား ၄ သိန်းကျော်ကို ဖမ်းဆီးရမိခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေဟာ မြန်မာပြည်မြောက်ပိုင်းဒေသတွေက ကုန်းလမ်း ရေ လမ်းတွေနဲ့ ရောက်ရှိလာကြတာဖြစ်ပြီး မောင်တောဒေသကနေတဆင့် တဘက်ဘင်္ဂလားဒေ့ရ်ှ နိုင်ငံဘက်ကို သွားရောက်တာဖြစ်တယ်လို့ ဒေသခံရဲအရာရှိတွေက ပြောပါတယ်။









