MBTT သစ်ပါးလွှာစက်ရုံ အလုပ် သမားတွေကို နစ်နာကြေးတွေ ထုတ်ပေးမည်
2017.02.15
တရားမဝင် ကျွန်းသစ်တွေ အဖမ်းခံရတဲ့အတွက် စက်ရုံပိတ်သိမ်းဖို့ ကြေညာထားတဲ့ ရန်ကုန်တိုင်းဒေသ ကြီး ရွှေပြည်သာစက်မှုဇုန် ၂ က MBTT သစ်ပါးလွှာ စက်ရုံမှာ အလုပ်သမား ၁၀၀ ကျော်ကို နစ်နာကြေး၊ လုပ်ခလစာ နဲ့ အချိန်ပိုကြေးတွေ ထုတ်ပေးဖို့ အလုပ်သမားတွေဘက်က တောင်းဆိုတာ ကို အလုပ်ရှင်က ဒီနေ့ သဘောတူလိုက်ပါတယ်။
ရွှေပြည်သာ မြို့နယ်အလုပ်သမားညှိနှိုင်းဖျန်ဖြေရေးရုံးမှာ ညှိနှိုင်းရာ အလုပ်ရှင်ဘက်က လာမယ့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ အပြီးငွေချေပေးဖို့ သဘောတူ လိုက်တယ်လို့ MBTT သစ်ပါးလွှာ စက်ရုံမှာ ကြီးကြပ်ရေးမှူးတာဝန်နဲ့ အလုပ်ထုတ်ခံခဲ့ရတဲ့ ကိုသန့်ဇင်ဦး က ပြောပါတယ်။
"Notice ကြေးတစ်လစာပေးတယ်၊ အလုပ်ထုတ်နစ်နာကြေးမှာ နှစ်အလိုက်၊ လအလိုက် နစ်နာကြေးတွေ ကို ပြန်တွက်ချက်ပေးတယ်၊ OT ဆင်းထားတဲ့ထဲတွေ မှာ တစ်နာရီကို ၇၅၀ ဆင်းထားတယ်၊ တစ်နာရီကို ၁ ထောင် နဲ့ ဆင်းထားတာတွေရှိတာပေါ့၊ အဲဒါတွေကို ကျနော်တို့တွေရဲ့ တစ်လရဲ့ ဝင်ငွေကို ပြန်ပြီးတော့ ကြည့်ပြီးတော့ ကျနော်တို့ရဲ့OT ခံစားခွင့်တွေကို ပြန်တောင်းထားတာ ပေးဖို့အတွက်ကို သူတို့အကုန် လုံး ကျေလည်ပြီးသွားပြီ၊ ၂၂ ရက်နေ့ ကို ကျနော်တို့တွေကို အပြီးငွေချေပေးဖို့လည်း ကျေလည်ထားတယ်။"
MBTT သစ်ပါးလွှာစက်ရုံက ကျွန်းသစ်တွေ အဖမ်းခံထားရတဲ့အတွက် အမှုကိစ္စ စစ်ဆေးနေစဉ် ကာလအတွင်း စက်ရုံလည်ပတ်မှုကို ယာယီရပ်နားဖို့နဲ့ အမှုပြီးပြတ်မှ ပြန်လည်လုပ်ကိုင်ဖို့ အစိုးရက ညွှန်ကြားထားတာဖြစ် ပါတယ်။
အစိုးရက ယာယီရပ်နားထားဖို့ ညွှန်ကြားထားပေမယ့် စက်ရုံဘက်က အပြီးပိတ်သိမ်းဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ကြေညာခဲ့တာဖြစ်ပါတယ်။
ငွေချေပေးမယ့် ၂၂ ရက်နေ့အထိ လုပ်ခလစာတွေ တွက်ချက်ပေးဖို့ နှစ်ဖက်သဘောတူထားတယ် လို့လည်း သိရပါတယ်။
အဲဒီစက်ရုံဟာ ၂၀၁၄ ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး အလုပ်သမား ၁၁၅ ဦးနဲ့ လည်ပတ်နေတာ ဖြစ် ပါတယ်။
အဲဒီစက်ရုံမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေဟာ အများဆုံးလုပ်သက် ၃ နှစ်ကနေ အနည်းဆုံး လုပ်သက် ၁ နှစ် ရှိသူတွေ ဖြစ်တယ်လို့ သိရပါတယ်။









