ပြောင်းလဲမှုအဆင့်တွေ လိုနေသေးကြောင်း ဂျွန်မက်ကိန်းပြော

မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် အဆင့်တွေ လိုသေးတယ်လို့ အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်းက ဒီကနေ့ ရန်ကုန်မြို့မှာ သတင်းထောက်တွေကို ပြောဆိုပါတယ်။

2012.01.22
mccain-assk-b305 အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာ ဂျွန်မက်ကိန်း ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့က မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။
RFA

မစ္စတာဂျွန်မက်ကိန်းဟာ ဒီကနေ့ ညနေပိုင်းက မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ တွေ့ဆုံခဲ့ပါတယ်။

အဲဒီနောက် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံက လက်ရှိ တိုးတက်မှုတွေကို သူ့အနေနဲ့ အလွန်ပဲ ကျေနပ်အားရမိပေမယ့် ပြုပြင်ပြောင်းလဲရေးအတွက် လုပ်ဆောင်ရမယ့်အဆင့်တွေ ကျန်နေသေးတယ်လို့ မစ္စတာမက်ကိန်းက ပြောသွားပါတယ်။

ဒီအချက်တွေထဲမှာ ဥပဒေစိုးမိုးရေး၊ တိုင်းရင်းသားဒေသတွေက လက်နက်ကိုင် ပဍိပက္ခ အခြေအနေတွေနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ကြားဖြတ်ရွေးကောက်ပွဲ ဖြစ်ဖို့ စတာတွေ ပါဝင်တယ်လို့ အမေရိကန်အမတ် ဂျွန်မက်ကိန်းက ပြောသွားပါတယ်။

မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့ အရေးယူတာတွေကို ရုပ်သိမ်းဖို့ကိစ္စဟာ အမေရိကန်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်တယ်လို့လည်း ပြောပါတယ်။ ဒါနဲ့ ပတ်သက်လို့ သတင်းထောက်တွေက မေးရာမှာ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ သဘောထားကို အခုလို ပြောပါတယ်။

“အမေရိကန်နိုင်ငံက ဒီ Sanctions တွေ စလုပ်ကတည်းက ဘာကြောင့် လုပ်တယ်၊ ဘယ်ခြေလှမ်းတွေ လှမ်းလို့ရှိရင် ဒီ Sanctions တွေကို ရုတ်သိမ်းပေးမယ်ဆိုတာ ပြောထားပြီးသားပါ။ သူတို့ သတ်မှတ်ထားတဲ့ ခြေလှမ်းတွေ လှမ်းပြီးရင်တော့ စပြီးတော့ ရုတ်သိမ်းမှာပါ။ ဒီခြေလှမ်း တွေက ကြားဖြတ်ရွေးကောက်ပွဲ တခုတည်းတော့ မဟုတ်ပါဘူး”

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပွဲမှာ မစ္စတာ ဂျွန်မက်ကိန်းနဲ့အတူ လိုက်ပါလာတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ၃ သုံးဦးလည်း ပါဝင်ပါတယ်။ ရှစ်လအတွင်း မြန်မာပြည်ကို ဒုတိယအကြိမ် လာရောက် တဲ့ မစ္စတာ ဂျွန်မက်ကိန်းနဲ့အတူ အမေရိကန် အထက်လွှတ်တော် အမတ်တွေဟာ ဒီကနေ့ မနက်ပိုင်းမှာ သမ္မတဦးသိန်းစိန်နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့နဲ့လည်း နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။