မန္တလေးမှာ တောင်းရမ်းနေသူတွေကို ဖမ်းဆီးထိန်းသိမ်း


2017.08.13
mdy-begger-622.jpg မန္တလေးမြို့ မီးပွိုင့်လမ်းဆုံတွေမှာ တောင်းရမ်းနေတဲ့ ကလေးငယ်တွေကို တွေ့ရစဉ်
.

မန္တလေးမြို့ မီးပွိုင့်လမ်းဆုံတွေမှာ တောင်းရမ်းနေတဲ့ ကလေးလူကြီး စုစုပေါင်းအယောက် ၅၀ ကျော်ကို  ၃ ရက် အတွင်း ဖမ်းဆီးထိန်းသိမ်းပြီး လူမှုဝန်ထမ်းဦးစီးဌာနနဲ့ ရဲစခန်းတွေကို ပို့ဆောင်ပေးခဲ့တယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဒီနေ့အထိ ၃ ရက်အတွင်း အယောက် ၅၅ ကို ထိန်းသိမ်းကာ ကလေးတွေကို လူမှုဝန်ထမ်းဦးစီးဌာနကိုပို့ဆောင်ပြီး လူကြီးတွေကို ရဲစခန်း ပို့ဆောင်ခဲ့တာဖြစ်တယ်လို့ စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနခွဲမှူး ဦးစိုးတင့်အောင်က ပြောပါတယ်။

"ကလေးတွေကို မိဘတွေက ခိုင်းစားနေကြတာလေ၊ နောက်ပြီးတော့ အန္တရာယ်များတဲ့ဟာကို ကလေးတွေကို ခိုင်းလို့မရဘူး၊ ကလေးသူငယ် ဥပဒေမှာရှိပြီးသား။ အန္တရာယ်တော်တော်ဖြစ်တာ မီးပွိုင့်တွေမှာ အတင်းကားမှန်တွေကိုခေါက် အတင်းရောင်း၊ အများပြည်သူကလည်း တောင်းဆိုတယ် ဒါတွေက ကလေးတွေ အန္တရာယ်ဖြစ်တယ်၊ စည်ပင်သာယာ ရှင်းပေးပါဆိုတော့ စည်ပင်သာယာကရှင်းပြီးတော့ သူတို့ကို သက်ဆိုင်ရာလူမှုဝန်ထမ်းကို အပ်ပေးလိုက်တယ်၊ ၁၈ နှစ်အထက်ကြတော့ ရဲစခန်းကိုအပ်လိုက်တယ်၊ ရဲစခန်းက သူ့ဘာသူ့တရားစွဲ မှာပေါ့နော်၊လူမှုဝန်ထမ်းကလည်းစွဲမယ်၊အရွယ်မရောက်တဲ့ ကလေးတွေကိုခိုင်းစေမှုနဲ့ လူမှုဝန်ထမ်းကလည်းစွဲမှာ"

တောင်းရမ်းစားသောက်နေတဲ့ ကလေးတွေနဲ့ အသက်ကြီးကြီး လူကြီးတွေရဲ့ နောက်ကွယ်မှာ ခိုင်းစေနေသူတွေ ရှိနေပြီး အဲဒီလူတွေကိုလည်း ဖော်ထုတ် အရေးယူနိုင်ဖို့လိုအပ်တယ်လို့ ဦးစိုးတင့်အောင်က ပြောပါတယ်။

လူမှုဝန်ထမ်းဦးစီးဌာနကို ပို့ဆောင်လိုက်တဲ့ ကလေးတွေကိုတော့ လူမှုဝန်ထမ်းဦးစီးဌာနက အသက်အရွယ်အလိုက် အတန်းပညာသင်ကြားပေးတာ၊ အသက်မွေးဝမ်းကြောင်းပညာရပ်တွေ သင်ကြားပေးတာတွေ ဆောင်ရွက်ပေး သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အခုလို တောင်းရမ်းစားသောက်တဲ့ ကလေးနဲ့ လူကြီးတွေကို ထိန်းသိမ်းဖမ်းဆီးမှုတွေကို ရက်ကန့်သတ်ထားတာမျိုး မရှိဘဲ ရှောင်တခင် ဖမ်းဆီးထိန်းသိမ်း သွားမှာဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။