ရုပ်သံမီဒီယာ ဥပဒေမူကြမ်းရေးဆွဲရန် စတင်ပြင်ဆင်

ရုပ်မြင်သံကြားနဲ့ အသံလွှင့် မီဒီယာလုပ်ငန်းတွေအတွက် ရုပ်သံမီဒီယာဥပဒေမူကြမ်း ရေးဆွဲရန် ပြင်ဆင်နေပြီဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ဒီကနေ့ ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်မှာ ကျင်းပတဲ့ ပြည်သူ့ဝန်ဆောင်မှု မီဒီယာဆွေးနွေးပွဲမှာ ပြောကြားလိုက်ပါတယ်။

2012.09.25
media-meeting-b305 ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၅ ရက်က ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်တွင် ပြည်သူ့ဝန်ဆောင်မှု မီဒီယာဆွေးနွေးပွဲ ကျင်းပနေစဉ်။
RFA

ဒီမိုကရက်တစ် မြန်မာ့အသံ၊ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ဆွီဒင်ရေဒီယိုတို့ ပူပေါင်းကျင်းပတဲ့ ပြည်သူ့ဝန်ဆောင်မှု မီဒီယာ ဆွေးနွေးပွဲကို ဒီကနေ့ ဒုတိယမြောက်နေ့အဖြစ် ကျင်းပတာဖြစ်ပြီး ပြန်ကြားရေး ဝန်ကြီးဌာန ဒု ဝန်ကြီးဦးရဲထွဋ်က အသံလွှင့် မီဒီယာဥပဒေကြမ်းနဲ့ ပတ်သက်လို့ RFA ကို ခုလိုပြောပါတယ်။

"စတင်ရေးဆွဲတယ်လို့ ပြောတာထက်စာရင် ကျွန်တောာ်တို့ စပြီးတော့ အခြေခံမူဘောင်ပေါ့။ ဖရိန်ဝေါ့ကို စတင်ပြီးတော့ ချနေတာလို့ ပြောလို့ရပါတယ်။ အခန်းတစ်ခုမှာ ဒါတွေ ဒါတွေပါသင့်တယ်။ ဒါကိုပဲ ကျွန်တော်တို့က လုပ်နေသေးတာ။ ဒါပြီးရင်တော့ ကျွန်တော်တို့ဝန်ကြီးရဲ့ မူဝါဒက ဒါနဲ့ပတ်သက်တဲ့ ပါဝင်တဲ့ လူအားလုံး ဝိုင်းဝန်းဆွေးနွေး အကြံပြုခွင့် ရတာပေါ့။ နိုင်ငံတကာ အဖွဲ့အစည်းတွေ လာအကြံပြုခွင့် ရတာပေါ့။ အဲဒါပြီးမှာ ကျွန်တော်တို့ မူကြမ်းဆိုတာကို အဆင့်ဆင့်သွားရမှာပါ"

ဥပဒေကြမ်းရေးဆွဲပြီးနောက်ပိုင်း အသံလွှင့်မီဒီယာ လုပ်ငန်းတွေက တာဝန်ရှိသူတွေ ပါဝင်တဲ့ အသံလွှင့်မီဒီယာ ကော်မတီကို ဖွဲ့စည်းသွားမယ်လို့ သိရပြီး လက်ရှိ ပြန်ကြားရေး ဝန်ကြီးဌာနပိုင် မီဒီယာလုပ်ငန်းတွေဖြစ်တဲ့ မြန်မာ့ရုပ်မြင်သံကြားနဲ့ မြန်မာ့အလင်း၊ ကြေးမုံ စတဲ့ သတင်းစာ လုပ်ငန်းတွေကိုလည်း ပြည်သူ့ဝန်ဆောင်မှု မီဒီယာလုပ်ငန်းအဖြစ် ပြောင်းလဲဖို့ စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ဒု ဝန်ကြီး ဦးရဲထွဋ်က ပြောကြားသွားပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့ဝန်ဆောင်မှု မီဒီယာ ဆွေးနွေးပွဲကို ပြည်တွင်း ပြည်ပမှ သတင်းစာဆရာတွေ၊ ပြန်ကြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတွေ၊ မြန်မာနိုင်ငံ သတင်းစာဆရာသမဂ္ဂ (MJU)၊ မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း (MJA)၊ မြန်မာနိုင်ငံ သတင်းထောက်များကွန်ယက် (MJN) တို့မှ တာဝန်ရှိပုဂ္ဂိုလ်တွေအပြင် ဦးခိုင်မောင်ရည်၊ ဒေါက်တာမြတ်ဉာဏစိုး အစရှိတဲ့ လွတ်တော်ကိုယ်စားလှယ်တွေပါ တက်ရောက် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။