သတင်းမီဒီယာဥပဒေကို ကောင်းမွန်အောင်ကြိုးပမ်းဖို့ တိုက်တွန်း

ရွေးချယ်တင်မြှောက်ခဲ့ရတဲ့ သတင်းမီဒီယာကောင်စီဝင်တွေ အနေနဲ့ သတင်းမီဒီယာ ဥပဒေကို ပိုမိုကောင်းမွန် ပြည့်စုံအောင် ကြိုးပမ်းကြဖို့ သတင်းမီဒီယာကောင်စီသစ် ရွေးချယ်တင်မြှောက်ရေး ဥက္ကဋ္ဌ ဦးသီဟစောက တိုက်တွန်းလိုက်ပါတယ်။

သတင်းမီဒီယာ ကောင်စီဝင် ရွေးချယ်ပွဲအခမ်းအနားကို ရန်ကုန်မြို့ ချက်ထရီယမ် ဟိုတယ်မှာ ၂၀၁၈၊ သြဂုတ် ၁၈ ရက်နေ့က ကျင်းပစဉ်

ရွေးချယ်တင်မြှောက်ခဲ့ရတဲ့ သတင်းမီဒီယာကောင်စီဝင်တွေအနေနဲ့ သတင်းမီဒီယာ ဥပဒေကို ပိုမိုကောင်းမွန် ပြည့်စုံအောင် ကြိုးပမ်းကြဖို့ သတင်းမီဒီယာ ကောင်စီသစ် ရွေးချယ်တင်မြှောက်ရေး ဥက္ကဋ္ဌ ဦးသီဟစောက တိုက်တွန်းလိုက်ပါတယ်။

သတင်းမီဒီယာကောင်စီဝင်ဟောင်း တစ်ဦးလည်း ဖြစ်တဲ့ ဦးသီဟစောက သတင်းမီဒီယာ ဥပဒေကို ပြင်ဆင်နိုင်ဖို့  ပြန်ကြားရေးဝန်ကြီးဌာနကို ပေးထားပြီး လွှတ်တော်မှာ ဆက်လက် ဆွေးနွေးနိုင်အောင် လုပ်ကြဖို့ ဒီနေ့ ရန်ကုန်မြို့ ချက်ထရီယမ် ဟိုတယ်မှာ ပြုလုပ်တဲ့ သတင်းမီဒီယာ ကောင်စီဝင် ရွေးချယ်ပွဲအခမ်းအနားမှာ ပြောပါတယ်။

"ပြင်ဆင်ချက် မူကြမ်းပေါ့နော်။ ဒီဟာကို ဆက်ပြီးတော့ ပြီးမြောက်အောင် ပိုကောင်းအောင် လုပ်ကြပါ။ ပိုပြီးတော့ ပြည့်စုံအောင် ဖန်တီးကြပါ။ နောက်တစ်ခါ ရွေးကောက်ပွဲကျရင်လည်း ဒီထက်ပိုပြီးတော့ စည်းကားသိုက်မြိုက် မယ်။ ဒီထက်ပိုပြီးတော့ Free & Fair ဖြစ်မယ်ပေါ့ အဲလိုယူဆပါတယ်"

ဒီပွဲကို သတင်းမီဒီယာအဖွဲ့အစည်းက ၅ ဦး၊ စာရေးဆရာ အဖွဲ့အစည်းက ၂ ဦး၊ တစ်ဦးချင်း ကိုယ်စားလှယ် ၂၁ ဦးထဲက ဦးကျော်မင်းဆွေ၊ ကိုဇေယျာလှိုင်နဲ့ ကိုသာလွန်ဇောင်းထက် တို့ ၃ ဦးကို အသီးသီး ရွေးချယ်ခဲ့ကြပါတယ်။

နိုင်ငံတော် သမ္မတက အဆိုပြုလိုက်တဲ့ ဦးထက်မြင့်က မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် နိုင်ငံတော် အစိုးရ အကြီးအကဲတွေပေါ်မှာ မူတည်နေတယ်လို့ ပြောပါတယ်။

အရင်က ဖွဲ့စည်းခဲ့တဲ့ သတင်းမီဒီယာကောင်စီအဖွဲ့ဟာ သတင်းမီဒီယာသမားတွေဘက်က ရပ်တည်မှု အားနည်းခဲ့တယ် လို့လည်း သူက ပြောပါတယ်။

သတင်းဌာန အသီးသီးက အဆိုပြုထားတဲ့ ကိုယ်စားလှယ် ၇ ဦးနဲ့ ဒီကနေ့ ရွေးချယ်တင်မြှောက်ခံရတဲ့ ၁၀ ဦး အပါအ၀င် နိုင်ငံတော် သမ္မတ၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့က အဆိုပြုထားတဲ့ သတင်းမီဒီယာ ကောင်စီအဖွဲ့ဝင်တွေဟာ လာမယ့် လပိုင်းတွေအတွင်းမှာ မိမိတို့ တာဝန်ယူရမယ့် ရာထူးတွေကို ဆက်လက် အရွေးချယ်ခံရမှာဖြစ်ပါတယ်။