မိတ္ထီလာ ပြန်လည်ထူထောင်ရေး သုံးလအတွင်း ပြီးစီးနိုင်


2013.04.28
Meikhtila-refugees-305 မိတ္ထီလာမြို့ ဘောလုံးကွင်းရှိ ဒုက္ခသည်စခန်းကို ၂ဝ၁၃ ခုနှစ် မတ်လ ၂၃ ရက်နေ့က မြင်ရစဉ်
photo: RFA/Kyaw Zawe Win

ဘာသာရေး အဓိကရုဏ်း ဖြစ်ပွားခဲ့တဲ့ မန္တလေးတိုင်း မိတ္ထီလာမြို့ကို သုံးလအတွင်း  ပြန်လည်ထူထောင်နိုင် မယ်လို့ ကူညီရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ကုလသမဂ္ဂ ဘေးဒုက္ခလျော့ပါးရေးနဲ့ ပြန်လည်နေရာ ချထားရေးဌာနက ပြောပါတယ်။

ပြီးခဲ့တဲ့မတ်လ ၂၀ ရက်နေ့က မိတ္ထီလာမြို့မှာ ဖြစ်ပွား ခဲ့တဲ့ ဘာသာရေး အကြမ်းဖက်ပဋိပက္ခကြောင့် လူ ၄၄ ဦး သေဆုံးခဲ့ပြီး၊ အိမ်ခြေ ၁၆၀၀ နီးပါး ပျက်စီးခဲ့တဲ့ အတွက် ဒေသခံပြည်သူ ၈၅၀၀ လောက် အိုးအိမ်မဲ့ဖြစ် ခဲ့ရပြီး၊ ဒုက္ခသည်စခန်းတွေမှာ နေထိုင်ခဲ့ကြရပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ရခိုင်ပြည်နယ်မှာ လူမျိုးရေး ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့အတွက် လူ ၂၀၀ ကျော်သေဆုံး ပြီး၊ တစ်သန်းကျော် နေရာရွှေ့ပြောင်းခဲ့ကြရပါတယ်။

ကုလသမဂ္ဂ ဘေးဒုက္ခလျော့ပါးရေးနဲ့ ပြန်လည်နေရာချထားရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး William French က မိတ္ထီလာမြို့ ပြန်လည်ထူထောင်ရေး အစီအစဉ်တွေဟာ ရခိုင်ပြည်နယ်မှာလောက် အချိန်ယူရမှာ မဟုတ်ပါဘူး၊ နှစ်လ သုံးလအတွင်း ပြီးစီးနိုင်ပါတယ်၊ ပျက်စီးဆုံးရှုံးမှု အတိုင်းအတာက ရခိုင်ပြည်နယ်လောက်လည်း မကြီးမား၊ ပျံ့နှံ့မှုပမာဏကလည်း  ရခိုင်မှာလောက် မကျယ်ပြန့်ခဲ့လို့ဖြစ်ပါတယ်လို့ ပြောပါတယ်။

ဌာနအနေနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် အလှူငွေ အမေရိကန်ဒေါ်လာ ငါးသိန်းခွဲကျော် ရရှိထားပါတယ်။

မန္တလေးတိုင်း ရှေ့နေချုပ် ဦးရဲအောင်မြင့်ကလည်း ဒေသအစိုးရအနေနဲ့ အိုးအိမ်မဲ့သွားသူတွေအတွက် တန်ဖိုးနည်းအိမ်ရာတွေ ဆောက်လုပ်ပေးဖို့ စီစဉ်နေကြောင်း၊ ဒါပေမဲ့မူလနေရပ်မှာ ပြန်လည်နေထိုင်ဖို့ ဆန္ဒရှိသူအရေအတွက် ဘယ်လောက်ရှိသလဲဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးကြောင်းပြောပါတယ်။
ပြန်လည်နေရာချထားပြီးတဲ့အခါ ဘာသာရေးအရ ခွဲခြားဆက်ဆံခံရမှာ စိုးရိမ်နေသူတွေရှိနေတယ်လို့ The Nation သတင်းစာက ဖေါ်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။