အိုးဘိုထောင်တွင်း ရိုက်နှက်ခံရမှုကြောင့် မန္တလေးသပိတ် အဖွဲ့ဝင်တစ်ဦး ဒဏ်ရာပြင်းထန်

2022.06.12
အိုးဘိုထောင်တွင်း ရိုက်နှက်ခံရမှုကြောင့် မန္တလေးသပိတ် အဖွဲ့ဝင်တစ်ဦး ဒဏ်ရာပြင်းထန် မန္တလေးသပိတ်အင်အားစုက စစ်အာဏာရှင်ဆန့်ကျင်ကြောင်း မန္တလေးမြို့တစ်နေရာမှာ ၂၀၂၂ ခုနှစ် ဇွန်လ ၁၂ ရက်နေ့က ချီတက်ဆန္ဒပြကြစဉ်
Photo: Simple light,MRS

မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်တွင်းမှာ ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့ညနေပိုင်းက ဆူပူမှု ဖြစ်ပြီး ရိုက်နှက်ခံရတာကြောင့် မန္တလေးသပိတ် အင်အားစုအဖွဲ့ဝင် ကိုခင်ဇော်သက်ဟာ ဒဏ်ရာ အပြင်းအထန်ရရှိခဲ့တယ်လို့ မန္တလေးသပိတ်အင်အားစုက ဇွန်လ ၁၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။

အဲဒီနေ့က ထောင်တွင်း ဆူပူမှုဖြစ်စဉ်မှာ စိန်ပန်းသပိတ်စစ်ကြောင်းက ကိုခင်ဇော်သက်ဟာ ထောင်အာဏာပိုင်တွေရဲ့ ရိုက်နှက်မှုကို ခံခဲ့ရတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒဏ်ရာ အပြင်းအထန်ရရှိခဲ့တဲ့ ကိုခင်ဇော်သက်ကို ထောင်တွင်းဆေးရုံမှာ တင်ထားရတယ် လို့လည်း ဆိုပါတယ်။ ဒါပေမဲ့ ထိခိုက်ဒဏ်ရာရမှု အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

အဲဒီနေ့က ဖြစ်စဉ်မှာ ထောင်တွင်းဝန်ထမ်း ၅၀ ဝန်းကျင်က ရိုက်နှက်ခဲ့တာဖြစ်ပြီး အကျဉ်းသားတွေ ဘက်က တစ်ဦးသေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သလို အကျဉ်းသား ၁၂ ယောက်လည်း တိုက်ပိတ်ခံထားရတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ဇွန် ၉ ရက်နေ့က RFA ကို ပြောပါတယ်။

ဒါပေမဲ့ အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးခင်ရွှေက ဒီဖြစ်ရပ် မရှိခဲ့ဘူးလို့ ငြင်းဆိုထားပြီး ထောင်တွင်းမှာ ဒီလိုရိုက်နှက်လို့ မရဘူးလို့လည်း ဇွန် ၉ ရက်နေ့က RFA ကိုပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဩဂုတ်လကလည်း အိုးဘိုထောင်မှာ ရှစ်လေးလုံး ၃၃ နှစ်ပြည့်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြတဲ့ အကျဉ်းသားတွေထဲက ၃၈ ဦး တိုက်ပိတ်ခံခဲ့ရတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောဆိုထားကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။