Gold File အလုပ်ရုံက မြန်မာအလုပ်သမားတွေ ဆန္ဒပြ


2018.02.14
maesot-workers-protest-622.jpg ထိုင်းနိုင်ငံ မဲဆောက်မြို့ ဘန့်ဝမ်းသခီးယန်းကျေးရွာက Gold File ကျောက်မီးသွေးအလုပ်ရုံ အလုပ်သမားတွေ အလုပ်မဆင်းဘဲ ဆန္ဒပြနေကြစဉ်
Photo: JACBA

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၊ ဘန့်ဝမ်းသခီးယန်း ကျေးရွာရှိ Gold File အလုပ်ရုံမှာ လုပ်အားခနည်းတဲ့ အပြင် လုပ်ခဖြတ်တောက်မှုတွေ ရှိနေတာကြောင့် မြန်မာအလုပ်သမား တစ်ထောင်လောက်ဟာ ဒီကနေ့ အလုပ်မဆင်းဘဲ ဆန္ဒပြကြပါတယ်။

အလုပ်သမားတွေဟာ တစ်ရက်လုပ်အားခ ဘတ် ၂၀၀ ကျော်ပဲရတာကို မကျေနပ်တဲ့အပြင် ဆက်ဆံရေး မပြေလည်မှုတွေကြောင့် ဆန္ဒပြနေကြတာဖြစ်တယ်လို့ အလုပ်သမားတွေကို အကူအညီပေးနေတဲ့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဌ ဦးမိုးကြိုး က ပြောပါတယ်။

"Gold File လို့ခေါ်တဲ့ ကျောက်သွေးအလုပ်ရုံပေါ့၊ အဲမှာ မြန်မာအလုပ်သမား ၁၀၀၀ လောက်က လုပ်အားခ ဘတ် ၂၀၀ ကျော်ပဲရတာက တစ်ခု၊ နောက်သူတို့ရဲ့ စာရွက်စာတမ်း သက်တမ်းတိုးရတဲ့အခါတွေမှာ ရှင်းလည်း မပြဘဲနဲ့ သူတို့ဆီကနေ ထပ်ထပ်ဖြတ်နေတာ၊ အဲဒါမျိုးတွေမှာ ပွင့်လင်းမြင်သာမှု မရှိခဲ့တာပေါ့၊ တခြား လူမှုရေးကိစ္စတွေ ဆက်ဆံရေးပိုင်းဆိုင်ရာတွေလည်း ပါတာပေါ့၊ အဲဒါလေးတွေနဲ့ ပတ်သက်ပြီးတော့ သူတို့ မကျေမနပ်ဖြစ်ပြီးတော့ ဒီနေ့ပဲ သူတို့အလုပ်မဆင်းဘဲ ဆန္ဒပြကြတာပေါ့"

ထိုင်းဥပဒေအရ အလုပ်သမားတစ်ဦးကို တစ်ရက်လုပ်ခ ထိုင်းဘတ်ငွေ ၃၀၈ ဘတ်ပေးရမယ်လို့ သတ်မှတ်ထား တာ ဖြစ်တယ်လို့ ဦးမိုးကြိုး က ပြောပါတယ်။

အဲဒီ ဆန္ဒပြအလုပ်သမားတွေကို ဥပဒေဘောင်အတွင်းက တောင်းဆိုဖို့အတွက်လည်း  ကူညီသွားမယ်လို့ ဆိုပါတယ်။

Gold File အလုပ်ရုံဟာ ကျောက်မျက်ရတနာတွေကို အကြမ်းထည် သွေးရတဲ့အလုပ်ကို လုပ်ကိုင်ရတာ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေဟာ အများဆုံးလုပ်သက် ၅ နှစ်လောက်ကနေ လပိုင်းလောက် လုပ်ကိုင်ခဲ့သူတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။