ဗိုလ်ချုပ်ရုပ်တု တစ်ခုစီသာ ရှိသင့်ကြောင်း မြို့တော်ဝန်ပြော


2017.07.16
mgmgsoe-bogyoke-statue-620.jpg ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကို ဇူလိုင် ၁၆ ရက်နေ့က ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် ကန်သာယာပန်းခြံမှာ ကျင်းပခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုနဲ့ ရင်ပြင်နီဖွင့်ပွဲ အခမ်းအနားမှာ တွေ့ရစဉ်
Photo: Aung Thain Kha/ RFA

မြို့နယ်တိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုတစ်ခုစီသာ ရှိသင့်တယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး က ပြောပါတယ်။

ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် ကန်သာယာပန်းခြံမှာ ကျင်းပခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုနဲ့ ရင်ပြင်နီ ဖွင့်ပွဲ အခမ်းအနားမှာ ဦးမောင်မောင်စိုး က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

"မြို့နယ်တိုင်းမှာ ဗိုလ်ချုပ်ကြေးရုပ်သာ ရှိကိုရှိသင့်တယ်၊ သို့သော်လည်းပဲ တစ်ခုတည်းပဲရှိသင့်တယ်၊ တစ်မိုးအောက် တစ်ယောက်၊ တစ်ဗိုလ်ချုပ်အောက်မှာ တစ်ရုပ်တုအောက်မှာပဲ ရှိသင့်တယ်၊ အဲဒီအောက် မှာရှိပြီးတော့ ကျနော်တို့ အက်ကြောင်းတွေကို ပြန်ထိန်းကြည့်ကြပါမယ်၊ နောက်ဒီအက်ကြောင်းတွေကို ဖာထေးရပါမယ်၊ ဘယ်သူ့မျက်နှာနဲ့ဆို ဒီဗိုလ်ချုပ်မျက်နှာ ကြည့်ကြည့်ပြီးတော့ ကျနော်တို့ ဖာထေးရပါမယ်၊ ဗိုလ်ချုပ်မျက်နှာ တစ်မျက်နှာတည်းကိုပဲကြည့်ပြီး ဖာထေးပြီးတော့ စည်းစည်းလုံးလုံးနဲ့ ကျနော် တို့ နိုင်ငံတော်တည်ဆောက်မှပဲရပါလိမ့်မယ်"

ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုဟာ ၂၈ နှစ်နီးပါး တည်ရှိခဲ့တာကြောင့် ကန်သာယာပန်းခြံမြေနေရာ အနည်းငယ် ကျန်နေတာ ဖြစ်ပြီး ရုပ်တုသာ မရှိခဲ့ရင် ကန်သာယာရေကန်ပါ ပျောက်ဆုံးသွား နိုင်တယ်လို့ ဦးမောင်မောင်စိုး က ပြောပါတယ်။

ဒီကနေ့ အခမ်းအနားကို မြို့တော်ဝန်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တွေ နဲ့ ပြည်သူတွေ တက်ရောက်ခဲ့ကြပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း မြင်စီးရုပ်တုကို ဦးလွင်မောင်က ၁၉၈၉ ခုနှစ်ကတည်းက ထုလုပ်ခဲ့တာဖြစ်ပြီး အချိန်ကာလ ကြာလာတဲ့အတွက် ပျက်စီးယိုယွင်းနေတဲ့ ရုပ်တုကို မြောက်ဥက္ကလာပမြို့နယ် ပြည်သူတွေစုပေါင်းငွေနဲ့ ဗိုလ်ချုပ် ချစ်သူများ အဖွဲ့က ဦးဆောင်ပြီး ပြန်လည်ပြင်ဆင်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။