ဦးဖြိုးမင်းသိန်းရဲ့ ကိုယ်ရေးအရာရှိ ကို မြေဂရန်အတွက် ငွေပေးရ တယ်လို့ ပြောဆို


2017.06.02
michael-kyaw-myint-620.jpg ဦးမိုက်ကယ်ကျော်မြင့် ရန်ကုန်မြို့ တာမွေမြို့နယ်က ဟစ်တိုင်ကွင်းမှာ ဇွန်လ ၂ ရက်နေ့က ရှင်းလင်းနေစဉ်
Photo: Thant Zin Oo/RFA

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ ကိုယ်ရေးအရာရှိ  ဦးတင်ထွန်း ကို မြေဂရန်ပြန်ရဖို့အတွက် ငွေပေး ရတယ်ဆိုပြီး  ဦးမိုက်ကယ်ကျော်မြင့် ဆိုသူက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၈)ရပ်ကွက်က ယခင်တိုးကြောင်ကြီးကျေးရွာ၊ ထိန်ပင်ရိုးကွင်း၊ ကွင်း အမှတ်(၄၆၇/က) မှာရှိတဲ့ မြေဧက ၃၀ကို ၁၉၉၀ ၊ ၉၁ ခုနှစ်က မြို့ပြနဲ့ အိမ်ရာစီမံကိန်းအဖြစ် သိမ်းယူခဲ့တာဖြစ် ပါတယ်။

အဲဒီအထဲက စီမံကိန်းမလုပ်တဲ့ ၉ ဧကကို မူလပိုင်ရှင်ပြန်ရရှိဖို့အဆင့်ဆင့် လျှောက်ထားခဲ့ရာမှာ အဲဒီ ၉ ဧကရဲ့ ဂရမ်မြန်မြန်ပြန်ရဖို့အတွက် ဝန်ကြီးချုပ်ရဲ့ ကိုယ်ရေးအရာရှိကို ငွေ ၁၂ သိန်း ပေးခဲ့ရတယ်လို့ ဦးမိုက်ကယ်ကျော်မြင့် က ပြောပါတယ်။

အဲဒီမြေနေရာတွေကို ဦးမိုက်ကယ်ကျော်မြင့် ပိုင်တာ မဟုတ်ပါဘူး။ မူလပိုင်ရှင်ဖြစ်တဲ့ ဦးအုန်းဟံ ဆိုသူက ဦးမိုက်ကယ်ကျော်မြင့်ရဲ့ဇနီး ဒေါ်ချောကေခိုင်ကို တရားဝင်ကိုယ်စားလှယ်အဖြစ် လွှဲထားတာဖြစ် ပြီး ဒေါ်ချောကေခိုင်နဲ့ မိုက်ကယ်ကျော်မြင့်တို့က သူတို့အမည်နဲ့ လျှောက်ထားခဲ့တာဖြစ်ပါတယ်။

ဦးမိုက်ကယ်ကျော်မြင့်ဟာ မြေပွဲစားဆိုပြီး သတင်းတွေထွက်ပေါ်နေသလို KNU/KNLA - PC အဖွဲ့က စီးပွားရေးတာဝန်ခံဆိုပြီး သတင်းတွေထွက်နေပါတယ်။

ဦးမိုက်ကယ်ကျော်မြင့်က သူဘယ်အဖွဲ့အစည်းကမှ မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။

ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို မိုက်ကယ်ကျော်မြင့်က သက်သေစာရွက်စာတမ်းများနဲ့အတူ ရှင်းလင်း ခဲ့ပေမယ့် ခွင့်ပြုမိန့်မရှိဘဲ ပြုလုပ်ခဲ့တာဖြစ်တဲ့အတွက် တရားဥပဒေအတိုင်းဆောင်ရွက်သွားမယ်လို့ တာမွေမြို့မ ရဲစခန်းမှူး ဒုရဲမှူး ခင်စိုး ကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။