မွန်းတည့်နေဂျာနယ် အယ်ဒီတာ ၃ ဦး ဖမ်းဆီးခံရ


2014.07.08

အပတ်စဉ်ထုတ် "မွန်းတည့်နေ" ဂျာနယ်က အယ်ဒီတာ ၃ ဦးကို ရဲသတင်းအထူးတပ်ဖွဲ့က  ဒီနေ့မနက်အစောပိုင်းက သူတို့ရဲ့နေအိမ်တွေကနေ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

တာဝန်ခံအယ်ဒီတာနဲ့ အယ်ဒီတာ ၂ ဦးကို ပန်းဆိုးတန်း ရဲသတင်းအထူးတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား တာဖြစ်ကြောင်း မွန်းတည့်နေဂျာနယ် သတင်းထောက်ချုပ် ကိုသိန်းမင်းအောင်က ပြောပါတယ်။

"ဒီနေ့မနက် ၁၂ နာရီ ၁၅ ကနေစပြီးတော့ အယ်ဒီတာ ၃ ယောက်မှာ ၁ ယောက် ကိုရဲမင်းအောင် ဆိုတဲ့ တစ်ယောက်ကို ၁၂ နာရီ ၁၅ မှာ စပြီးတော့ဖမ်းသွားတယ်၊ ပန်းဆိုးတန်း ရဲသတင်းအထူးတပ်ဖွဲ့ရုံး ကို ခေါ်သွားတယ်၊ ၂ နာရီကျော်မှာ နောက်ထပ်တစ်ယောက် ကိုဝင်းတင် ဆိုတဲ့တစ်ယောက်ကို ခေါ်သွား တယ်၊ ၄ နာရီ ထိုးခါနီးမှာ တာဝန်ခံအယ်ဒီတာ အယ်ဒီတာချုပ် ကိုအောင်သန်း ကိုခေါ်သွားတယ်၊ ပြီးခဲ့တဲ့ တနင်္လာနေ့ထုတ် မွန်းတည့်နေမှာပါတဲ့ သတင်းနဲ့ပတ်သက်ပြီးတော့ မေးချင်တယ်ဆိုပြီး ခေါ်သွားတာ"

ဒီကနေ့ နေ့လည်ပိုင်းက ပန်းဘဲတန်းမြို့နယ် ဗိုလ်ဆွမ်ပတ်လမ်းမှာရှိတဲ့ မွန်းတည့်နေ ဂျာနယ်တိုက်က ကွန်ပျူတာသုံးလုံးနဲ့ အင်တာနက်ချိတ်တဲ့ စက်တွေကိုပါ လာရောက်သိမ်းဆည်းသွားတယ်လို့ သိရပါ တယ်။

မနေ့ကထုတ်တဲ့ မွန်းတည့်နေဂျာနယ်မှာ “ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ဒီမိုကရေစီ အင်အားစုတွေကို ကြားဖြတ်အစိုးရအဖြစ် ပြည်သူတွေက တင်မြှောက်ကြောင်း M.D.C.F ထုတ်ပြန်” ဆိုပြီး သတင်းရေးသားဖော်ပြ ခဲ့ပါတယ်။

မနေ့က ထုတ်ဝေတဲ့ဂျာနယ်ဟာ ဇူလိုင်လ ၁၁ ရက်နေ့မှာ ထုတ်ဝေရမှာဖြစ်ပြီး အဲဒီသတင်းဟာ ဖတ်ရှုသူတွေကို ထင်ယောင်ထင်မှားဖြစ်စေပြီး နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်စေခြင်း၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေခြင်းနဲ့ အများပြည်သူအကျိုးပျက်စီးမှုကို ဖြစ်ပေါ်စေနိုင်တယ်လို့ မြန်မာ့အလင်းသတင်းစာမှာ ရေးသားထားပါတယ်။

ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအဖွဲ့ MDCF က အဖွဲ့ဝင်တချို့ဟာ မနေ့က မြို့တော်ခန်းမရှေ့မှာ ပြည်ထောင် စုအစိုးရကို အယုံအကြည်မရှိကြောင်း ဆန္ဒပြခဲ့ကြသလို ကြေညာချက်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

မွန်းတည့်နေဂျာနယ် ထုတ်ဝေချိန်မှာ အဲဒီဆန္ဒပြပွဲ မဖြစ်သေးဘူးလို့လည်း သိရပါတယ်။

မွန်းတည့်နေဂျာနယ် သတင်းထောက်ချုပ် ကိုသိန်းမင်းအောင်ကို RFA  သတင်းထောက် မစန်းမော်အောင် က တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။