ဖမ်းဆီးမှုနဲ့ လူမှောင်ခိုအရေး ထိုင်းရောက် မြန်မာအလုပ်သမားတွေ စိုးရိမ်

ထိုင်းနိုင်ငံအတွင်း အထောက်အထား မရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို မနေ့က ယာယီပတ်စပို့စ်ပြုလုပ်ရေးလုပ်ငန်းစဉ် အဆုံးသတ်ပြီး ဒီကနေ့ကစလို့ စတင်ဖမ်းဆီး ပြန်ပို့မယ်လို့ ထိုင်းအစိုးရက ပြီးခဲ့တဲ့လ ၂၆ ရက်နေ့ ကတည်းက တရားဝင် ထုတ်ဖော်ပြောဆိုထားပါတယ်။

2012-12-15
Share

ဒီကနေ့မှာတော့ စတင်ဖမ်းဆီးခံရသူ တချို့ကို ထိုင်းရဲတချို့က စကားပြန်ကနေတဆင့် ငွေတောင်းတာတွေ၊ ခြိမ်းခြောက်တာတွေရှိနေတယ်လို့ သိရပါတယ်။

ဘန်ကောက်မြို့ တောင်ဘက် မဟာချိုင်ဒေသမှာ ဒီကနေ့ နေ့လည် (၁၂) နာရီခွဲခန့်မှာ အဖမ်းဆီးခံရသူ တဦးဖြစ်တဲ့ ကိုသက်ဝေက ထိုင်းရဲတွေက သူနဲ့ မြန်မာအလုပ်သမလေး တစ်ယောက်ကို ဖမ်းဆီးခဲ့ပြီး အဲဒီအလုပ်သမလေးကတော့ တရားဝင် ပတ်စပို့စ်ရှိလို့ အခြားသူတဦးက လာရောက်ထုတ်ယူသွားခဲ့တယ်လို့ ပြောပါတယ်။

ဒါပေမယ့် တရားဝင်စာရွက်စာတမ်းမရှိတဲ့ သူကိုတော့ လှေပေါ်ကို ရောင်းစားမယ်လို့ ထိုင်းရဲတွေက ပြောဆိုနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ယက်က ဦးအောင်ကျော်ကတော့ သူတို့အနေနဲ့ အစုလိုက်အပြုံလိုက် ဖမ်းဆီးတာတော့ မရှိသေးကြောင်း တဦးစနှစ်ဦးစ ဖမ်းဆီးတာတော့ ရှိတယ်လို့ ပြောပါတယ်။

သူတို့အနေနဲ့လည်း မနေ့က ထိုင်းအလုပ်သမား သမဂ္ဂတွေဖြစ်ကြတဲ့ TLSC၊ SERCတို့နဲ့ ပူးပေါင်းပြီး အလုပ်သမားတွေကို ဖမ်းဆီးမှုပြုရင် G to G လို့ခေါ်တဲ့ အစိုးရခြင်းလွှဲပြောင်းပေးဖို့ မနေ့က အလုပ်သမားဝန်ကြီးဌာနနဲ့ ILO တို့ကို သွားရောက် စာပေးပို့ ထားတယ်လို့ ပြောပါတယ်။

ဒီစာကို သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကိုလည်း ပေးပို့ထားတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့လ (၂၆) ရက်နေ့က ထိုင်း-မြန်မာ ဝန်ကြီးအဆင့်ဆွေးနွေးပွဲမှာ ဖမ်းဆီးခံရသူတွေကို မြန်မာအစိုးရ ယာယီပတ်စပို့စ် ထုတ်ပေးရေး ရုံးတွေကို လွှဲအပ်ဖို့ ထိုင်အစိုးရက ဂတိပြုထားခဲ့တယ်လို့ မြန်မာအလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က RFA ကို ပြောဆိုခဲ့ပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံအခြေစိုက် RFA သတင်းထောက် ကိုအောင်မြတ်စိုးက သတင်းပေးပို့ထားတာကို နားဆင်နိုင်ပါတယ်။

အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့