ဒီပဲယင်းမှာ စစ်ရဟတ်ယာဉ်နဲ့ ပစ်ခတ်မှုကြောင့် ရွာ ၁၅ ရွာခန့် ထွက်ပြေးနေရ

2022.07.14
ဒီပဲယင်းမှာ စစ်ရဟတ်ယာဉ်နဲ့ ပစ်ခတ်မှုကြောင့် ရွာ ၁၅ ရွာခန့် ထွက်ပြေးနေရ စစ်တပ်ကြောင့် ထွက်ပြေးနေရသည့် ဒီပဲယင်း ပြည်သူများကို ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့မှာ တွေ့ရစဥ်
ဓါတ်ပုံ - ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေး
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် နများရွာဘက်မှာ စစ်ကောင်စီတပ်က ဇူလိုင်လ ၁၄ ရက် ဒီနေ့ နေ့လယ်က စစ်ရဟတ်ယာဉ်လေးစင်းနဲ့ အနီးဝန်းကျင်ကို ပစ်ခတ်ပြီး စစ်အင်အား တိုးချခဲ့ တာကြောင့် နများရွာအပါအဝင် မရကန်၊ ရုံးသာ၊ သပြေသာ၊ ဝဲကြီး၊ ညောင်လှ၊ ကုန်းသစ်၊ ယဉ်ကျေး၊ အင်ပင်၊ တနယ် စတဲ့ကျေးရွာ ၁၅ ရွာ လောက်က ဒေသခံ ၄၀၀၀ ခန့် ထွက်ပြေး နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
တိုက်ပွဲမရှိပေမယ့် စစ်ကောင်စီတပ်က ရဟတ်ယာဉ်နဲ့ ပစ်ခတ်မှုတွေကြောင့် ကြောက်လန့် ထွက်ပြေးနေကြရတာ လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နများကျေးရွာသားတစ်ဦးက ပြောပါတယ်။
 
“စစ်ရဟတ်ယာဉ် လေးစင်းနဲ့ လာပစ်တာ။ နှစ်စင်းမှာ စစ်သားတွေလည်းချတယ်။ နများရွာမှာ ချသွားတာ၊ ရွာချင်းတွေလည်း ဆက်တော့ အနီးနားတစ်ဝိုက်ကရွာတွေ အကုန်ပြေးကြရတာပဲ။ အခုလည်း ပြေးနေကြရတုန်းဆိုတော့ အခြေအနေက ဘာမှ မသိရသေးဘူး၊ အထိအခိုက်ရှိနိုင်တယ်”
 
ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့ကလည်း ဒီပဲယင်းမြို့နယ်အတွင်းက ဆပ်ပြာကျင်း၊ ကြည်၊ ဘုရားထွက်၊ ဘုတ်ရွာ တွေအနီးကို စစ်ရဟတ်ယာဉ် နှစ်စင်းနဲ့ လာရောက်ပစ်ခတ်တာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို စစ်ဆင်ရေး ဆောင်ရွက်နေပြီး မိုဘိုင်းအင်တာနက်လိုင်းတွေပါ ဖြတ်တောက်ခံထားရပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။