ဒီပဲယင်း လေကြောင်းတိုက်ခိုက်ခံရမှု တစ်ဦး သေဆုံး၊ ၄၀၀၀ နီးပါး ထွက်ပြေးနေရ

2022.07.15
ဒီပဲယင်း လေကြောင်းတိုက်ခိုက်ခံရမှု တစ်ဦး သေဆုံး၊ ၄၀၀၀ နီးပါး ထွက်ပြေးနေရ စစ်တပ်ကြောင့် ထွက်ပြေးနေရသည့် ဒီပဲယင်း ပြည်သူများကို ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့မှာ တွေ့ရစဥ်
ဓါတ်ပုံ - ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေး

ဇူလိုင်လ ၁၄ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲက နများရွာအပါအဝင် ကျေးရွာ ၁၅ ရွာလောက်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ရဟတ်ယာဥ်လေးစင်းနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး လေးထောင်နီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဒီပဲယင်းမြို့နယ်ထဲက နများ၊ မရကန်၊ ရုံးသာ၊ သပြေကန်၊ ဝဲကြီး၊ ညောင်လှ၊ ကုန်းသစ်၊ ယဉ်ကျေး၊ အင်ပင်၊ တနယ်၊ ကုန်းတဲ၊ ဒိုင်းနက်၊ သဘွတ်တော စတဲ့ ရွာတွေ အပါအဝင် ရွာပေါင်း ၁၅ ရွာလောက်ကို လေကြောင်းကနေ ရဟတ်ယာဥ်လေးစင်းနဲ့ ဆက်တိုက် ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူဟာ နများရွာက ဦးခင်မောင်ဆန်း ဆိုသူဖြစ်ပြီး အမျိုးသမီးတစ်ဦး အပါအဝင် နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဦးခင်မောင်ဆန်းက နေရာတင်ဆုံးတာပဲ။ ဒဏ်ရာရတဲ့အထဲက အမျိုးသမီး တစ်ယောက်က ဆီးခုံကိုမှန်တာ၊ ပြင်းထန်တယ်။ သူ့ကို စစ်ကောင်စီက ကုသပေး သွားတယ်။ အခုလည်း စစ်သားတွေက ပြန်ထွက်သွားပြီး ပြန်ဝင်လာလို့ ရွာသားတွေ ထွက်ပြေးနေကြရတယ်။ မြေပြင်အခြေနေက တော်တော်ကို ဆိုးဝါးတယ်“

ထွက်မပြေးနိုင်ဘဲ ကျန်ခဲ့တဲ့ ရွာသား ၁၀၀ လောက်ကိုတော့ စစ်သားတွေက PDF တွေနဲ့ ဆက်သွယ်မှု ရှိ၊ မရှိ မေးမြန်းစစ်ဆေးတာ၊ ဖုန်းတွေကို ပိုက်စိပ်တိုက် စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

စစ်တပ်က ကျေးရွာတွေကို စစ်ရဟတ်ယာဥ်တွေ အသုံးပြုပြီး လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်နေတာနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီမနက် ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

အခုလ ၂ ရက်နေ့ကလည်း ဒီပဲယင်းမြို့နယ်အတွင်းက ဆပ်ပြာကျင်း၊ ကြည်၊ ဘုရားထွက်နဲ့ ဘုတ်ရွာအနီးကို စစ်ကောင်စီက ရဟတ်ယာဉ်နှစ်စင်းနဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ဟာ စစ်အာဏာရှင်ကို လက်နက်ကိုင်ဆန့်ကျင်မှု အား ကောင်းတဲ့ မြို့နယ်ဖြစ်တာကြောင့် စစ်တပ်က မိုဘိုင်းဒေတာနဲ့သုံးတဲ့ အင်တာနက်လိုင်း တွေကို ဖြတ်တောက်ထားပါတယ်။

ဒီကနေ့ ဇူလိုင် ၁၅ ရက်နေ့ထိ စစ်တပ်က ဒီပဲယင်းမြို့နယ်ထဲက ရွာတွေကို အင်အား ၁၀၀ ကျော်လောက်နဲ့ ဝင်ရောက်ပြီး နယ်မြေရှင်းလင်းရေး လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။