စက်တင်ဘာလမှာ ရုရှားစက်သုံးဆီ စသွင်းမယ်လို့ စစ်ကောင်စီပြော

2022.08.18
Share on WhatsApp
Share on WhatsApp
စက်တင်ဘာလမှာ ရုရှားစက်သုံးဆီ စသွင်းမယ်လို့ စစ်ကောင်စီပြော ၂ဝ၂၂ ခုနှစ် ဩဂုတ်လ ၁၇ ရက်နေ့က ကျင်းပသည့် စစ်ကောင်စီသတင်းစာရှင်းလင်းပွဲတွင် တွေ့ရသော ဗိုလ်ချုပ်ဇော်မင်းထွန်း
MRTV

မြန်မာနိုင်ငံအနေနဲ့ ရုရှားနိုင်ငံကနေ စက်သုံးဆီတင်သွင်းဖို့ ခွင့်ပြုချက်ရထားပြီလို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက သြဂုတ်လ ၁၇ ရက်နေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အတည်ပြုပြောလိုက်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဇူလိုင်လ ရုရှားခရီးစဉ်အတွင်း ရုရှားကနေ ရေနံနဲ့သဘာဝဓာတ်ငွေ့ တင်သွင်းဖို့ သဘောတူခဲ့ကြတာလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ စက်တင်ဘာလမှာ ရုရှားစက်သုံးဆီသင်္ဘောတွေ ပထမအသုတ် စတင်ဆိုက်ရောက်မယ်လို့လည်း ဆိုပါတယ်။

ရုရှားဟာ ရေနံမူရင်းထွက်တဲ့နိုင်ငံ ဖြစ်ပြီး ဈေးနှုန်းလည်းသက်သာ၊ အရည်အသွေးလည်း ပြည့်မီပြီး အမြန်ဆုံးရနိုင်အောင် စီစဉ်ဆောင်ရွက်ခဲ့တာလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ မြန်မာနိုင်ငံအနေနဲ့ တရုတ်-ရုရှားတို့နဲ့ ပူးပေါင်းပြီး နိုင်ငံတွင်းမှာ ရေနံတူးဖော်ဖို့ စဉ်းစားနေတယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ရုရှားစက်သုံးဆီ တင်သွင်းဖို့အတွက် ဦးဆောင်ကော်မတီတစ်ရပ်ကို မကြာသေးခင်ကမှ စစ်ကောင်စီက ဖွဲ့စည်းလိုက်တာပါ။ ဒီကော်မတီမှာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး၊ ကော်မတီအဖွဲ့ဝင်တွေအဖြစ် ဦးပိုင်လက်အောက်ခံ စတားဟိုက် ကုမ္ပဏီ လီမီတက်၊ အလင်းတန်းစွမ်းအင်ကုမ္ပဏီလီမိတက်၊ ဘက်စ်(ထ်) အွိုင်းလ် ကုမ္ပဏီလီမိတက်နဲ့ ရဲတံခွန် စွမ်းအင်ကုမ္ပဏီလီမိတက် စတဲ့ကုမ္ပဏီတွေ ပါဝင်ပါတယ်။

ရုရှားလောင်စာဆီတင်ပို့တဲ့ အဓိကနိုင်ငံတွေဖြစ်တဲ့ ဥရောပနိုင်ငံတွေက အခုနှစ်ကုန်ပိုင်းကစပြီး ရုရှားလောင်စာဆီတင်သွင်းတာကို တဖြည်းဖြည်း လျှော့ချသွားဖို့ ရှိနေတာကြောင့် ရုရှားနိုင်ငံက ဖောက်သည်အသစ် ရှာဖွေနေတာပါ။

လက်ရှိမှာ မြန်မာနိုင်ငံဟာ စင်ကာပူကတစ်ဆင့် စက်သုံးဆီတင်သွင်းနေတာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း စက်သုံးဆီဈေးနှုန်းတွေ အဆမတန်မြင့်တက်လာခဲ့ပြီး နိုင်ငံတစ်ဝန်းမှာ စက်သုံးဆီပြတ်လပ်မှုတွေ ကြုံတွေ့ခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။