ပညာရေး ဥပဒေပြုပြင်ရေး တပ်မတော်သား ကိုယ်စားလှယ်တွေ ပါဝင်ဆွေးနွေး


2015.03.25
amyothar-hluttaw-305.jpg နေပြည်တော်မှာ အောက်တိုဘာလ ၂ ရက်နေ့က ကျင်းပနေတဲ့ အမျိုးသားလွှတ်တော်ကို တွေ့ရစဉ်
Photo: RFA

အမျိုးသားလွှတ်တော်မှာ ကြားနာပွဲတွေကျင်းပပြီး ပြင် ဆင်ရေးဆွဲထားတဲ့ အမျိုးသား ပညာရေး ဥပဒေ ကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို ဒုတိယနေ့အဖြစ် အမျိုး သားလွှတ်တော်မှာ ကိုယ်စားလှယ် ၆ ဦးက ဆွေးနွေးကြ ပါတယ်။

အမျိုးသားလွှတ်တော်မှာ ဒီနေ့ ဆွေးနွေးရာ ပညာရေး အသုံးစရိတ်သတ်မှတ်ချက်ကို ပြင်ဆင်ပေးဖို့ တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးအောင်ကျော်ဇော က ဆွေးနွေးခဲ့ပါတယ်။

"နိုင်ငံတော်၏ ပညာရေးအသုံးစရိတ်ကို ၅ နှစ် အတွင်း တစ်နိုင်ငံလုံးအသုံးစရိတ်၏ သင့်လျော်သည့် ရာခိုင်နှုန်းထိ နှစ်စဉ် တိုးမြှင့်သုံးစွဲနိုင်ရန် ရည် မှန်းဆောင်ရွက်ရမည်လို့ ပြင်ဆင်ပေးသင့်ကြောင်း အကြံပေးတင်ပြလိုပါတယ်၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ အတွက် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုး တက်ရေးဟာ အလွန်ပဲအသုံးပါတဲ့အတွက် ပညာရေးအသုံးစရိတ်ကို နှစ်စဉ်တိုးမြှင့်သုံးစွဲသင့်တာ အမှန်ပဲဖြစ် ပါတယ်၊ ဒီလိုတိုးမြှင့်သုံးစွဲတဲ့အခါ တစ်နိုင်ငံလုံးအသုံးစရိတ်၏ ရာခိုင်နှုန်းမည်မျှဖြစ်ရမယ်လို့ အမျိုးသား ပညာရေး ဥပဒေမှာပုံသေထည့်သွင်းပြဌာန်းခဲ့မယ်ဆိုရင် လက်တွေ့အကောင် အထည်ဖော်ဆောင်ရွက်တဲ့ အခါမှာ နိုင်ငံတော်ရဲ့လိုအပ်ချက်အရ ဘဏ္ဍငွေကိုလိုတိုး၊ ပိုလျှော့ဆောင်ရွက်ဖို့အတွက် အခက်အခဲ၊ အကန့်အသတ်ဖြစ်သွားနိုင်တဲ့အတွက်ကြောင့် တစ်နိုင်ငံလုံးအသုံးစရိတ်၏ သင့်လျော်သည့်ရာခိုင်နှုန်း အထိ နှစ်စဉ်တိုးမြှင့် သုံးစွဲသွားရန်လိုသာ ထည့်သွင်းပြဌာန်းသင့်ကြောင်း အကြံပြုဆွေးနွေးလိုပါတယ်"

အဲဒီဥပဒေကြမ်းမှာ ပညာရေးလွတ်လပ်ခွင့်ရှိရေး၊ ဆရာ ဆရာမများ သမဂ္ဂဖွဲ့စည်းခွင့် ရှိရေး၊ အခမဲ့ပညာသင်ကြားရေးကို အခြေခံပညာအဆင့်ကနေခွင့်ပြုပေးဖို့နဲ့ တက္ကသိုလ် ဝင်ခွင့်ကို အမှတ်စာရင်းနဲ့မသတ်မှတ်ဘဲ သက်ဆိုင်ရာ တက္ကသိုလ်တွေမှာ လွတ်လွတ်လပ်လပ် လျှောက်ထားခွင့်ရှိရေးတို့ ပါရှိပါတယ်။

ပညာရေးအသုံးစားရိတ် ၂၀ ရာခိုင်နှုန်း အထက်အထိသုံးစွဲခွင့် ဆိုတဲ့အချက်ကို ကျောင်းသူ ကျောင်းသားတွေ၊ အစိုးရ NNER နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ က ၄ ပွင့်ဆိုင်ဆွေးနွေးပွဲတွေမှာ သဘောတူခဲ့တာဖြစ်ပါတယ်။

ဒီနေ့ ဆွေးနွေးခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ဥပဒေမူကြမ်းမှာပါတဲ့ စကားလုံး အသုံးအနှုန်းတွေ၊ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေနဲ့ ဥပဒေဆိုင်ရာတွေ ကို ပြင်ဆင်ချက်တစ်ခု ချင်းစီအလိုက် ဆွေးနွေးခဲ့ကြပါတယ်။

အဲ့ဒီဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးက ၂ ရက်ကြာ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုကျော်သူတင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။