မန္တလေးမှာ စစ်တပ်နဲ့ရဲ လက်ချက်ကြောင့် ငါးယောက်သေဆုံး

နေရိန်ကျော်(ဝါရှင်တန် ဒီစီ)
2021.03.23

စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ဆက်ပြီးအားကောင်းနေတဲ့ မန္တလေးမှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက သေနတ်တွေနဲ့ ပစ်ခတ်လို့ မတ် ၂၃ ရက် ဒီနေ့သေဆုံးသူ စုစုပေါင်း ၅ ဦးရှိခဲ့ပါတယ်။ ဒီကနေ့မနက်က စစ်တပ်နဲ့ ရဲက ပစ်သတ်တဲ့အတွက် ကိုချမ်းသာထွေး ဆိုတဲ့ အသက် ၂၀ အရွယ် လူငယ်တစ်ဦး သေနတ်ကျည်ဆံထိမှန် သေဆုံးသွားရပါတယ်။ ချမ်းမြသာစည်မြို့နယ်၊ မနော်ဟရီလမ်းမ ၅၉ လမ်းနဲ့ လမ်း ၆၀ ကြားမှာ သေဆုံးရ တာပါ။

မန္တလေးမြို့မှာ မတ်လ ၂၁ ရက်နေ့ကတည်းက အဲဒီချမ်းမြသာစည်မြို့နယ်ထဲမှာရှိတဲ့ အောင်ပင်လယ်၊ အောင်သာယာနဲ့ သမန်းကုန်းရပ်ကွက်တွေမှာ ဒေသခံတွေလုပ်ထားတဲ့ အတားအဆီးတွေကို စစ်တပ်နဲ့ ရဲတွေက ဖယ်ရှားရှင်းလင်းခိုင်းရာကနေ အချင်းများကြပါတယ်။ ဒါကို စစ်တပ်နဲ့ရဲက ပစ်ခတ်တဲ့အတွက် မတ်လ ၂၁ ရက်နဲ့ ၂၂ ရက်၊ နှစ်ရက်အတွင်းမှာ အနည်းဆုံး ၁၀ ယောက် သေဆုံးခဲ့ပြီး ၂၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ဒီနေ့မနက်ပိုင်းမှာလည်း မန္တလေးမြို့မှာ အရုဏ်တက်သပိတ်မှောက်ဆန္ဒပြပွဲတွေ လုပ်ခဲ့ကြပါတယ်။ ကွန်ပျူ တာတက္ကသိုလ်ကျောင်းသားတွေ အပါအဝင် သပိတ်စစ်ကြောင်းတချို့တို့ က စစ်တပ်နဲ့ရဲကို ထိပ်တိုက်မတွေ့ အောင် အချိန်နဲ့နေရာကို သေချာရွေးပြီး ရှောင်ကွင်းဆန္ဒပြကြပါတယ်။

ဒီအတောအတွင်းမှာပဲ မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီ ဝန်ထမ်း ၇၇ ဦးကို အလုပ်တာဝန်ကနေ ယာယီရပ်ဆိုင်းလိုက်တယ်လို့ စည်ပင်တွဲဘက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်း လက်မှတ်ရေးထိုးပြီး ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

ဒီဝန်ထမ်း ၇၇ ဦးဟာ လုံလောက်တဲ့အကြောင်းပြချက်မရှိဘဲ တာဝန်ချိန်ပျက်ကွက်တာ၊ ခွင့်မဲ့ပျက်ကွက်တာ၊ ခွင့်ရက်ကုန်ဆုံးပြီးနောက် အလုပ်ပြန်လာခြင်းမရှိတာကြောင့် ဌာနတွင်းစစ်ဆေးနိုင်ဖို့ ပြီးခဲ့တဲ့မတ်လ ၁၉ ရက်ကတည်းက နိုင်ငံဝန်ထမ်းဥပဒေနဲ့အညီ တာဝန်မှယာယီ ရပ်ဆိုင်းထားတာဖြစ်တဲ့အကြောင်း စာထဲမှာ ဖော်ပြထားပါတယ်။ အလုပ်ကနေ ရပ်နားခံရတဲ့သူတွေထဲမှာ မန္တလေးစည်ပင်ဌာနစုမှူးကစပြီး၊ ရုံးစာရေး၊ ဈေးလုပ်သား၊ အစောင့်ဝန်ထမ်းတွေအထိ ပါဝင်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ စစ်အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု CDM မှာပါဝင်ပြီး ရုံးမတက်တဲ့ အစိုးရ ဝန်ထမ်းတွေကို ပြန်ရုံးတက်ကြဖို့ ဖိအားပေးခြိမ်းခြောက်မှုတွေရှိနေပြီး၊ အဲဒီစစ်ကောင်စီရဲ့ ပြောဆိုချက်ကို မလိုက်နာတဲ့သူတွေကို အလုပ်ကနေထုတ်ပယ်ပြီး အစိုးရဝန်ထမ်းအိမ်ယာတွေကနေပါ ရွေ့ပြောင်းခိုင်း နေပါတယ်။

မိတ္ထီလာမြို့မှာလည်း ပြည်သူတွေက မော်တော်ဆိုင်ကယ်သပိတ်အနေနဲ့ နေ့စဉ်ရက်ဆက် လှည့်လည်ဆန္ဒပြ ကြပါတယ်။

စစ်ကိုင်းတိုင်း မုံရွာမြို့မှာလည်း ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ လမ်းလျှောက်ဆန္ဒပြတာတွေကို ဒီကနေ့ အထိ ဆက်တိုက်လုပ်နေကြပါတယ်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာလည်း ဒီကနေ့မနက်ပိုင်းက နွေဦးတော်လှန်ရေး စုပေါင်းသပိတ်စစ်ကြောင်းက အရုဏ်ဦးသပိတ်အဖြစ် ရွှေမုဌော မဟာစေတီတော်မြတ်ကြီးရှေ့ကစတင်ကာ မြို့တွင်းကို လှည့်လည်ဆန္ဒပြ ခဲ့ကြပါတယ်။

ရန်ကုန်တိုင်းမှာတော့ ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက်မှာ ဒီကနေ့မနက်ပိုင်းက စစ်တပ်နဲ့ရဲက ရပ်ကွက်နေ ပြည်သူ အယောက် ၅၀ လောက်ကို ဖမ်းသွားတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

ဘာကြောင့် ဖမ်းဆီးသွားသလဲ၊ ဘယ်သူတွေ အဖမ်းခံရသလဲ၊ ဘယ်ကိုခေါ်သွားလဲဆိုတာကို အတိအကျ မသိရသေးပါဘူး။ ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက် အုပ်ချုပ်ရေးရုံးကို မနေ့မနက်ပိုင်းက ရဲတပ်ဖွဲ့ဝင်တချို့ ရောက်လာပြီး ကြံ့ခိုင်ရေးပါတီအဖွဲ့ဝင်ဖြစ်တဲ့ ဦးသန်းစိုး ကို ရပ်ကွက်ဥက္ကဋ္ဌအဖြစ် ခန့်ထားခဲ့တယ်လို့ အဲဒီ ဒေသခံက ပြောပါတယ်။ ညပိုင်းမှာတော့ လူငယ်တချို့က စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ် ဆင်နွှဲ ခဲ့ကြပါတယ်။ အဲဒီအချိန်မှာပဲ ရပ်ကွက်အုပ်ချုပ်ရေးရုံး မီးလောင်နေပြီး၊ စစ်သားနဲ့ရဲ အင်အား ၅၀ ကျော်က လူငယ်တွေ ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြနေတဲ့ ညသပိတ်ကို သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်နှိမ်နင်း ခဲ့ပါတယ်။ ဒါကြောင့် လူငယ်တစ်ဦးလက်မောင်းမှာ ဒဏ်ရာရရှိခဲ့တယ်လို့ သူက ပြောပါတယ်။

အဲဒီနောက် ဒီမနက် ၆ နာရီလောက်မှာတော့ နွယ်အေးရပ်ကွက်ထဲကို ရဲနဲ့ စစ်သား အများအပြားရောက်လာပြီး အဲဒီ လူ ၅၀ လောက်ကို ဖမ်းဆီးသွားတာလို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်မှာတော့ ဒီနေ့မနက်မှာ အရုဏ်ဦး လမ်းလျှောက်သပိတ်ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြပါတယ်။ စမ်းချောင်းမြို့နယ် ဗဟိုလမ်းနဲ့ ကျွန်းတောလမ်းမှာလည်း ဒီနေ့ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေရှိနေလို့ လူငယ် တွေဟာ ရပ်ကွက်ထဲကလမ်းတွေမှာ လမ်းလျှောက်ဆန္ဒပြကြပါတယ်။ မနက် ၉ နာရီမှာ သပိတ်စစ်ကြောင်းကို လူအင်အား ၂၀၀ ကျော်နဲ့ စတင်ခဲ့ပြီး စစ်တပ်နဲ့ ရဲက စစ်ကားတွေနဲ့ လမ်းထဲဝင်ပြီး ဖြိုခွင်းနိုင်တာကြောင့် နေ့လယ် ၁၂ နာရီကျော်မှာ လူစုခွဲလိုက်ကြပါတယ်။ လှိုင်မြို့နယ် ဘူတာရုံလမ်းမှာ လည်း လူငယ်တွေက ဆက်ပြီးဆန္ဒပြခဲ့ကြပါတယ်။

ဒီအတောအတွင်းမှာပဲ စစ်ကောင်စီရဲ့ တတိယအကြိမ် သတင်းစာရှင်းလင်းပွဲကို နေပြည်တော်မှာ ဒီနေ့ နေ့လယ်ကပြုလုပ်ခဲ့ပါတယ်။ သတင်းသမားတွေ CRPH နဲ့ ဆက်သွယ်ရင် ပုဒ်မ ၁၇(၁) မတရားသင်း ဆက်သွယ်မှုနဲ့ အရေးယူမယ်ဆိုတဲ့အကြောင်း၊ RFA အပါအဝင် ပြည်ပသတင်းဌာနတွေက သတင်းမှားတွေ ထုတ်လွှင့်နေတဲ့အကြောင်းတွေ ထည့်သွင်းပြောဆိုသွားပါတယ်။

RFA က သီးခြားပြုစုနေတဲ့စာရင်းအရ စစ်တပ်ကအာဏာသိမ်းပြီးနောက် ၅၁ ရက်အတွင်း စစ်တပ်နဲ့ရဲ ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် သေဆုံးသူ အနည်းဆုံး ၂၄၀ ကျော်ရှိနေပြီဖြစ်ပါတယ်။ အဖမ်းခံရသူ စုစု ပေါင်းကတော့ ၂၆၈၄ ယောက်ရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ မနေ့ကထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။