ကနီနယ်ကနေ စစ်သားအချို့ ပြန်ဆုတ်ခွာနေတယ်လို့ ဒေသခံတွေပြော

2021-06-03
Share
ကနီနယ်ကနေ စစ်သားအချို့ ပြန်ဆုတ်ခွာနေတယ်လို့ ဒေသခံတွေပြော လုံခြုံရေးတာဝန်ယူနေတဲ့ စစ်ကောင်စီတပ်ကို တွေ့ရစဉ်
Photo: CJ
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် နေရာအများပြားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ နေရာအချို့ကနေ တဖြေးဖြေးချည်း ဆုတ်ခွာနေကြတယ်လို့ အမည်မဖော်လိုတဲ့ ကနီမြို့နယ်ဒေသခံတွေက ပြောပါတယ်။
 
“ကနီက နေရာတိုင်းမှာ PDF တပ်တွေနဲ့ ခုခံကာကွယ်နေလို့ သူတို့လုံခြုံရေးအရ ကြောက်လို့ တစုတည်း စုဝေးဖို့ ပြင်နေကြတာလည်းဖြစ်နိုင်တယ်” လို့ ကနီမြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။
 
"စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာ တပ်စွဲတာများတယ်။ အခု တစ်ပတ်အတွင်း တဖြေးဖြေး ပြန်ခွာနေကြတယ်။ ဒီမှာက စာသင်ကျောင်းတွေလည်း တစ်ကျောင်းမှ မဖွင့်ဘူး။" လို့ အဲဒီကာကွယ်ရေး တပ်ဖွဲ့ဝင်က ပြောပါတယ်။ 
 
ဒီကိစ္စအတိအကျ သိနိုင်ဖို့အတွက် RFA က စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။ 
 
ဒါကြောင့် ကနီဒေသကနေ တပ်တွေ ပြန်ဆုတ်နေတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး RFA က သီးသန့် အတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။
 
ဒေသခံတွေကတော့ စစ်ကိုင်းတိုင်း၊ ကနီဒေသမှာ အရင်က စစ်သား ၉၀၀ လောက် ရှိခဲ့ရာကနေ အခု အခါမှာတော့ ၄၀၀ ဝန်းကျင်လောက်သာ ရှိနိုင်တယ်လို့လည်း ခန့်မှန်းပါတယ်။
 
ကနီမြို့နယ်အတွင်း သွားလာနေတဲ့ သူတွေအနေနဲ့ စစ်ကောင်စီ ယာဥ်တန်းတွေနဲ့ ရှောင်ကွင်းသွားဖို့၊ ချင်းတွင်းမြစ်ကြောင်းသွား ရေယာဥ်တွေလည်း လုံခြုံစိတ်ချရမှ သွားလာဖို့၊ စစ်တပ်ဘက်က ပြည်သူ အယောင်ဆောင်ပြီး စုံစမ်းတာတွေရှိလို့ သတိထားဖို့နဲ့ မသင်္ကာဖွယ်ရာ ပစ္စည်းတွေတွေ့ရင် မစူးစမ်းဖို့ စတဲ့အချက်တွေကို ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့ ဇွန်လ ၃ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ပြီး သတိပေးထားပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့