ကာလုံလုပ်ပိုင်ခွင့် ဖယ်ရှားရေး ဆွေး‌နွေးချက်ကို တပ်ကိုယ်စားလှယ်ကန့်ကွက်

သီဟထွန်း၊ သက်စုအောင်
2020-03-05
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

တိုင်းပြည်အရေးပေါ်အခြေအနေ ပေါ်ပေါက်ခဲ့ရင် “တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အုပ်ချုပ်‌‌ရေးအာဏာ လွှဲပေးရမယ်” ဆိုတဲ့ ပြဌာန်းချက်ကို ပြင်ဆင်တာဟာ၊ တပ်မတော်ရဲ့လုပ်ပိုင်ခွင့်ကို ဖယ်ရှားချင်တာလားဆိုပြီး တပ်မတော်သားကိုယ်စားလှယ်တွေကဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ မေးခွန်းထုတ်သွားပါတယ်။

NLD ကိုယ်စားလှယ်ကတော့ ဒီလိုပြင်ဆင်တာဟာ၊ ပြည်သူတွေ ရွေးကောက်တင်မြှောက်တဲ့ သမ္မတရဲ့ လုပ်ပိုင်ခွင့် အာဏာကို တိုးမြှင့်တာဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုပါတယ်။

၂၀၀၈ အခြေခံဥပဒေအခန်း (၁၁) “အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များ” ဖြစ်တဲ့ ပုဒ်မ ၄၁၇၊ ၄၁၈၊ ၄၁၉၊ ၄၂၀ စတဲ့ပုဒ်မတွေမှာ “ကာချုပ်နဲ့ ကာလုံ”ရဲ့ လုပ်ပိုင်ခွင့်တွေကို ပယ်ဖျက်ထားပြီး၊ ကာချုပ်ရဲ့နေရာမှာ နိုင်ငံတော် သမ္မတ၊ ကာလုံရဲ့နေရာမှာ ပြည်ထောင်စုလွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်တွေနဲ့ အစားထိုးပြင်ဆင်ထားတဲ့အပေါ် တပ် မတော်သားကိုယ်စားလှယ်တွေက ဒီကနေ့ မတ်လ ၅ ရက် နောက်ဆုံးပိတ်ဆွေးနွေးစဉ် မေးခွန်းထုတ် ကန့်ကွက် သွားပါတယ်။

နိုင်ငံမှာအရေးပေါ်အခြေအနေဖြစ်လာရင် “မိမိတပ်မတော်ကို တာဝန်မပေးဘဲ၊ ဘယ်လို အဖွဲ့အစည်းကို တာဝန်ပေးချင်တာလည်း” လို့လည်း ပြင်ဆင်ဖို့ မူကြမ်းတင်ထားသူတွေအပေါ် မေးခွန်းထုတ်သွားပါတယ်။

"တပ်မတော်ဆိုတာ မည်သည့်နိုင်ငံမှာမဆို အခိုင်မာဆုံးအဖွဲ့အစည်းဖြစ်ပါတယ်။ နိုင်ငံတကာမှာ နိုင်ငံရဲ့အရေး ပေါ် အခြေအနေကြုံတွေ့ရတဲ့အခါ မိမိနိုင်ငံရဲ့ တပ်မတော်ကို တာဝန်ပေးအပ်ရတာ ထုံးတမ်းစဉ်လာဖြစ်ပါတယ်။ ပုဒ်မ ၄၁၈ ပုဒ်မခွဲ (က)နဲ့ (ခ) ရဲ့ ပြင်ဆင်ချက်ကိုကြည့်ရင် မိမိနိုင်ငံရဲ့ တပ်မတော်ကို တာဝန်ပေးရန်ကိစ္စအား အတိအကျပြဌာန်းချက် မဖြစ်စေချင်တဲ့ သဘောဖြစ်နေတဲ့အတွက် မိမိနိုင်ငံရဲ့ တပ်မတော်ကို တာဝန်မပေးဘဲ၊ ဘယ်အဖွဲ့အစည်းကို တာဝန်ပေးချင်တာလည်းဟု မေးရမယ့်အပြင် တပ်မတော်ရဲ့ အရေးပေါ်ကာလ လုပ်ငန်း တာဝန်များကို လျော့ကျပယ်ပျောက်စေရန် သံသယဖြစ်စရာမျိုး သက်ရောက်နေပါတယ်"

သမ္မတအနေနဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ-ကာလုံနဲ့ တွေ့ဆုံဆွေးနွေးမှု မရှိတဲ့အတွက် ရခိုင်အရေးမှာ “အားနည်းချက်တွေ၊ အဖြစ်ဆိုးတွေ” နဲ့ ကြုံတွေ့နေရတယ်လို့လည်း သူက စွပ်စွဲသွားပါတယ်။

NLD ပါတီ၊ ဇလွန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းကတော့ အရေးပေါ်ကာလပြဌာန်း ချက်တွေကို ပြင်ဆင်တာဟာ၊ ပြည်သူတွေ ရွေးကောက်တင်မြှောက်တဲ့ သမ္မတရဲ့ လုပ်ပိုင်ခွင့်အာဏာကို တိုးမြှင့်ဖို့ ရည်ရွယ်တာလို့ ပြောပါတယ်။

"ပယ်ဖျက်တယ်ဆိုတာထက်ပေါ့၊ အရေးပေါ်ကာလမှာ ကာကွယ်ရေးဦးစီးချုပ်ကို ဟိုဒင်းဖြစ်မယ့်အစား ကျနော် တို့က သမ္မတကြီးကိုပေါ့။ အဓိကကတော့ ရွေးကောက်တင်မြှောက်ထားတဲ့သူပါ။ ကျတော်တို့သွားနေတာ ဒီမို ကရေစီပါ။  ဒီမိုကရေစီသွားမယ်ဆိုရင် ပြည်သူတွေရဲ့ဆန္ဒပြုတဲ့ ရွေးချယ်မူက အဓိကကျတယ်။ အဲဒီတော့ အရေး ပေါ်ကာလမှာ ကာကွယ်ရေးဦးစီးချုပ်ကိုပဲ ဒီဟာပေးမယ်ဆိုရင် ရွေးကောက်ခံမဟုတ်ဘူး။ ရွေးကောက်ခံဖြစ်တဲ့ သမ္မတကိုသာလျှင်ညဒီဟာကို လက်ရှိအာဏာကို ပေးထားသင့်တယ်ဆိုတဲ့ ရည်ရွယ်ချက်လို့ပဲ ကျနော့်အနေနဲ့ ယူဆပါတယ်။"

ရခိုင်အမျိုးသားပါတီ ANP မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း ကတော့ NLD နဲ့ တပ် မတော်တို့ကြား ဘုံသဘောတူညီတဲ့အချက်တွေကို မတွေ့ရတဲ့အတွက်၊ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ရင် အများကြီး မျှော်လင့်မထားဘူးလို့ ပြောပါတယ်။

"ဒီတော့ တင်ပြချက်တွေအသီးသီးကို ကြည့်လို့ရှိရင်လည်း အကုန်လုံး နှစ်ဖက်လုံးထောက်ခံတဲ့ပုဒ်မမရှိဘူး။ တဖက်ကတင်ရင် တဖက်က ကန့်ကွက်တယ်။ စကားလုံးတစ်လုံးက အစကန့်ကွက်တယ်။ ဒါကြောင့် ကျနော် တို့ကတော့ နှစ်ဖွဲ့သဘောတူမှရမယ့်ကိစ္စမျိုးမှာ ရှေ့လျှောက်ပြီးတော့ ကျနော်တို့ ကန့်ကွက်ထောက်ခံဆိုရင် တိုင်းရင်းသားတွေကတော့ ကိုယ်ပြောချင်တာကို ပြောလိုက်ရလို့ ကျေနပ်တယ်။ ကိုယ့်ရဲ့ရပိုင်ခွင့်တွေကို တောင်းဆိုရလို့ ကျေနပ်တယ်။ ဒါပေမဲ့ ကျနော်တို့ရဲ့ အဆုံးအဖြတ်မဟုတ်ဘူး။ အန်အယ်ဒီနဲ့ တပ်မတော်နဲ့ ညီညီညာညာဆုံးဖြတ်ရမယ့်ပုဒ်မက တစ်ခုမှကျနော်မမြင်ဘူး။ တစ်ခုမှမတွေ့ဘူး။ ဒါကြောင့် သူဖြူရင် ကိုယ်မဲ မယ်။ ကိုယ်မဲရင် သူဖြူမယ်ဆိုတဲ့ ပုံစံမျိုးပဲဖြစ်လာလိမ့်မယ်။ အဲဒါကြောင့် အကုန်လုံးဟာ ကြက်ခြေတွေပဲ များသွားလိမ့်မယ်။"


၇ ရက်ကြာဆွေးနွေးမှုကို ပြန်ပြီးသုံးသပ်တင်ပြရမယ်ဆိုရင် ၂၀၀၈ အခြေခံဥပဒေထဲက နာမည်ကြီးပုဒ်မတွေ ဖြစ်တဲ့ပုဒ်မ-၆(စ)၊ ပုဒ်မ-၅၉(စ)၊ ပုဒ်မ-၁၀၉(ခ)၊ ပုဒ်မ-၂၆၁၊ ပုဒ်-၄၁၀ ကနေ ၄၃၀-အထိ “အရေးပေါ်ကာလ ဆိုင်ရာ ပြဌာန်းချက်” တွေနဲ့အတူ၊ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အလွန်အရေးပါတဲ့ ပုဒ်မ-၄၃၆ (က)နဲ့ (ခ)တွေကို အကြိတ်အနယ်ဆွေးနွေးခဲ့တာ တွေ့ရပါတယ်။

ပုဒ်မ-၆(စ)“နိုင်ငံတော်ရဲ့ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍမှာ တပ်မတ်တော်က ပါဝင်ရေး” ဆိုတဲ့ နေရာမှာ ပြည်သူ့ဆန္ဒနဲ့အညီ ပါဝင်ရေးဆိုတဲ့အချက်ကို အန်အယ်ဒီ ဦးဆောင်တဲ့ကော်မတီက ထည့်သွင်း ပြင်ဆင်ထားပါတယ်။ ဒီပြင်ဆင်ချက်ကို အန်အယ်ဒီနဲ့ တိုင်းရင်းသားပါတီအားလုံးနီးပါးက ထောက်ခံဆွေးနွေး ခဲ့ပြီး၊ တပ်မတော်သားကိုယ်စားလှယ်တွေနဲ့ USDP-ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်သမ္မတ မဖြစ်ရေးအတွက် ရည်ရွယ်ပြဌာန်းခဲ့တယ်လို့ လူသိများတဲ့၊ နိုင်ငံတော်သမ္မတ အပေါ် ကန့်သတ်ချက်ပုဒ်မ-၅၉(စ )ပယ်ဖျက်ရေးပြင်ဆင်ချက်ကိုတော့၊ အန်အယ်ဒီနဲ့ တိုင်းရင်းသားပါတီတချို့က ထောက်ခံဆွေးနွေးခဲ့ပြီး၊ တပ်မတော်သားကိုယ်စားလှယ်တွေနဲ့အတူ USDPနဲ့တစညပါတီကိုယ်စားလှယ်က ကန့်ကွက်ခဲ့ပါတယ်။

နောက်ထပ်အရေးကြီး ပုဒ်မတစ်ခုဖြစ်တဲ့ ပုဒ်မ-၁၀၉(ခ) “လွှတ်တော်အသီးသီးမှာ တပ်ကိုယ်စားလှယ်တွေ ၂၅% ပါဝင်နေတာကို “လွှတ်‌တော်သက်တမ်း သုံးကြိမ်အတွင်း တဖြည်းဖြည်းချင်း လျှော့ချရေး” ပြင်ဆင်ချက်ကိုတော့ အန်အယ်ဒီနဲ့ တိုင်းရင်းသားပါတီအားလုံးက ထောက်ခံဆွေးနွေးခဲ့ပြီး၊ တပ်မတော်သားတွေနဲ့ USDP ကိုယ်စား လှယ်တွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့တာ တွေ့ရပါတယ်။

တပ်မတော်သားတွေကို လွှတ်တော်ထဲက ဖယ်ထုတ်မယ်ဆိုရင် ၁၉၆၂ နဲ့ ၁၉၈၈ လို တိုင်းပြည်ပြိုကွဲမယ့် အန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်တယ်ဆိုပြီး၊ တပ်ကိုယ်စားလှယ်တွေက သတိပေးခဲ့တာလည်း တွေ့ရပါတယ်။

တိုင်းနဲ့ပြည်နယ်တွေမှာ ဝန်ကြီးချုပ်ခန့်အပ်ရေးနဲ့ ပတ်သက်တဲ့ နာမည်ကြီးပုဒ်မ ၂၆၁ ပြင်ဆင်ချက်ကိုတော့၊ ကိုယ်တိုင်မူကြမ်းတင်သွင်းခဲ့တဲ့ ဦးသိန်းထွန်းနဲ့အတူ ပြည်ထောင်စုကြံ့ခိုင်‌ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP ကိုယ်စားလှယ်တွေ၊ တပ်ကိုယ်စားလှယ်တွေနဲ့ ရခိုင်အမျိုးသားပါတီ ANP ကိုယ်စားလှယ်တွေက‌ ထောက်ခံ ဆွေးနွေးခဲ့ကြပါတယ်။

ရခိုင်အမျိုးသားပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲ၊ ရခိုင်ပြည်နယ်မှာ မဲအများဆုံးအနိုင်ရပါတီဖြစ်တာ‌ကြောင့် ဒီမိုကရေစီနည်းအရဆိုရင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟာ ရခိုင်အမျိုးသားပါတီကသာ ဖြစ်သင့်တယ်လို့ ANP ကိုယ်စားလှယ်တွေက‌ အလေးထားတင်ပြခဲ့ကြပါတယ်။

အာဏာရပါတီ အန်အယ်ဒီကတော့ လက်ရှိလွှတ်တော်အသီးသီးမှာ၊ တပ်ကိုယ်စားလှယ် ၂၅% ရှိနေသေးတဲ့ အတွက်၊ အခုချိန်မှာပုဒ်မ ၂၆၁ ကို ပြင်မယ်ဆိုရင်“တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်”တွေကို တပ်မတော်သားတွေက ရွေးချယ်ခန့်အပ်သလို ဖြစ်သွားမယ်ဆိုပြီး ကန့်ကွက်ခဲ့တာပါ။

ထူးခြားတာကတော့ တိုင်းရင်းသားပြည်နယ်တွေအတွက် အကျိုးရှိတယ်လို့ဆိုတဲ့ ပုဒ်မ-၂၆၁ ပြင်ဆင်ရေးကို တိုင်းရင်းသားအင်အားကြီးပါတီတစ်ခုဖြစ်တဲ့၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က တိတိကျကျ ထောက်ခံတာမျိုးမရှိဘဲ၊ နှုတ်ဆိတ်နေတာပဲ ဖြစ်ပါတယ်။

SNLD ပါတီ ဟာ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ရှမ်းပြည်နယ်မှာ ဒုတိယ မဲအများဆုံးသာရခဲ့ပြီး၊ ပြိုင်ဘက် ကြံ့ခိုင် ရေးပါတီက ပထမ မဲအများဆုံးနဲ့အနိုင်ရခဲ့ပါတယ်။

လက်ရှိအနေအထားအရဆိုရင်၂၆၁ ကို ပြင်ရင်တောင် ရှမ်းပြည်နယ်မှာ ကြံ့ခိုင်‌ရေးပါတီကသာ ဝန်ကြီးချုပ်တစ်ဦး ခန့်အပ်နိုင်ဖို့ အလားအလာပိုကောင်းနေပြီး၊ SNLD အတွက်က သိပ်ပြီး မသေချာလှပါဘူး။

ဒီအချက်ကပုဒ်မ ၂၆၁ ပြင်ဆင်ချက်အပေါ် SNLD နှုတ်ဆိတ်နေခြင်းရဲ့ အဓိကအကြောင်းရင်းဖြစ်နိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက မှတ်ချက်ပေးပါတယ်။

ခြုံငုံသုံးသပ်ရမယ်ဆိုရင် ဒီမိုကရေစီစံနှုန်းတွေနဲ့ မကိုက်ညီတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မယ်ဆိုပြီး၊ အန်အယ်ဒီ-ပါတီက ဦးထွန်းထွန်းဟိန် ဦးဆောင်တင်သွင်းတဲ့ မူကြမ်းမှာ "တပ်ကိုယ်စားလှယ်တွေကို လျော့ချရေး၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ ကာလုံရဲ့လုပ်ပိုင်ခွင့်ကိုလျော့ချရေး" ကိစ္စတွေကို အဓိက တင်ပြထားပါတယ်။  တပ်မ တော်သားတွေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်အားလုံးက ကျောချင်းကပ်ပြီး တညီတစ်ညွတ်တည်း ကန့်ကွက်ခဲ့တာကို မြင်တွေ့ရပါတယ်။

ဒီ ၇ ရက်ကြာ ဆွေးနွေးမှုတွေကို လာမယ့် မတ်လ ၁၀ ရက်နေ့ကျရင်၊ ပြည်ထောင်စုလွှတ်တော်မှာ လျှို့ဝှက် ဆန္ဒမဲပေးပြီး မဲခွဲတော့မှာဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၁၂)၊ ပုဒ်မ ၄၃၆(က)နဲ့ သက်ဆိုင်တဲ့ ပုဒ်မပေါင်း ၅၅ ခုရှိပြီး၊ အဲဒီပုဒ်မတွေကို မဲပေးဖို့ အပိုင်း ၄ ပိုင်း သတ်မှတ်ထားပါတယ်။

ပုဒ်မ ၄၃၆(ခ)နဲ့ သက်ဆိုင်တဲ့ ပုဒ်မပေါင်း ၈၀ ရှိပြီး၊ အဲဒီပုဒ်မတွေကို အပိုင်း ငါးပိုင်း ခွဲလိုက်တဲ့အတွက် ဆန္ဒမဲ ငါးကြိမ်ပေးရမှာဖြစ်ပါတယ်။ ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းအနေနဲ့ လျှို့ဝှက်ဆန္ဒမဲပေါင်း ကိုးကြိမ်ထွက်ပြီး မဲပေးရမှာပါဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့