ကလေး-တီးတိန်ကားလမ်းက အရေးပါတဲ့ စခန်းနှစ်ခုကို စစ်ကောင်စီ ပြန်သိမ်း
2024.06.21
ချင်းပြည်နယ်၊ ကနေဒီတောင်ထိပ်ရှိ စစ်ကောင်စီတပ်စခန်းတွင် PDF Zoland တပ်ဖွဲ့ဝင်များအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလက တွေ့ရစဉ်။
ချင်းပြည်နယ်၊ တီးတိန်မြို့နဲ့ ကလေးမြို့ကြားက ချင်းလက်နက်ကိုင်အဖွဲ့တွေ သိမ်းထားတဲ့ ကနေဒီတောင်စခန်းနဲ့ သိုင်းငင်းစခန်း နှစ်ခုကို စစ်ကောင်စီတပ် က ပြန်လည်သိမ်းယူလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီတပ်စခန်းနှစ်ခုကို သိမ်းဖို့ ဇွန်လ ၁၆ ရက်မှာ တီးတိန်မြို့ကနေ စစ်ကောင်စီတပ် အင်အားတစ်ရာကျော်နဲ့ ထိုးစစ်ဆင်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒီစစ်ကြောင်းဟာ ကနေဒီတောင်အနီး ခြေကုပ်ယူထားတဲ့ PDF Zoland အဖွဲ့နဲ့ ဇွန်လ ၁၇ ရက်နေ့မှာ ဖြစ်ပွားခဲ့ပါတယ်။ ဇွန်လ ၁၈ ရက်မှာတော့ ကနေဒီတောင်စခန်းကနေ ဆုတ်ခွာခဲ့ရတယ် PDF Zoland အဖွဲ့ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။
"ကျွန်တော်တို့က ကနေဒီတောင်နားတွေကနေ အဲဒီစစ်ကြောင်းကို တိုက်တာ ဘယ်လိုမှအဆင်မပြေတော့ ပြန်ဆုတ်တဲ့သဘောပါ။ ကနေဒီတောင်မှာတော့ စကစတွေက ဆက်နေတာမရှိဘဲ ဆက်သွားတယ်"
စစ်ကောင်စီတပ်တွေဟာ ကနေဒီစခန်းကနေ သိုင်းငင်းရွာကို စစ်ကြောင်းဆက်ထိုးခဲ့ပြီး ဇွန်လ ၂၀ ရက်မှာ CDF-CDM Siyin တပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာလည်း CDF-CDM Siyin အဖွဲ့က ဆုတ်ခွာခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ဒီညမှာတော့ ဆုတောင်းတောင်မှာ အိပ်တယ်လို့ သိရတယ်။ ဒီမနက်မှာတော့ စစ်ကောင်စီတပ်သားတွေ ရွာထဲကို ဝင်လာတယ်လို့ သိရတယ်"
လက်ရှိမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးတဲ့ ကလေး-တီးတိန် လမ်းမတစ်လျှောက်က ကျေးရွာတွေက အရပ်သားတွေ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က ဖုန်းခေါ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
ကနေဒီတောင်စခန်းကို PDF Zoland က ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့မှာ သိမ်းယူခဲ့ပြီး သိုင်းငင်းစခန်းကိုတော့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်မှာ ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေက သိမ်းယူခဲ့တာပါ။









