စစ်တပ်နဲ့ ရဲက ခြောက်လှန့်နေပေမယ့် ဆန္ဒပြသူတွေ အများအပြား ဆက်ရှိနေ

စောဖိုးခွား(ဝါရှင်တန် ဒီစီ)
2021.03.09

အာဏာသိမ်းစစ်ကောင်စီကို ကန့်ကွက်ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က နည်းအမျိုးမျိုးနဲ့ ခြောက်လှန့် နေပေမယ့် ဆန္ဒပြသူတွေကတော့ နေရာဒေသအသီးသီးမှာ ဆက်ရှိနေပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေအများစုရှိတဲ့ စမ်းချောင်းမြို့နယ်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ အများအပြား နေရာယူထားပါတယ်။ ဒါကြောင့် စမ်းချောင်းမြို့နယ်မှာ ဆန္ဒပြသူအနည်းငယ်ပဲ ဒီနေ့ တွေ့ရပေမယ့် တခြားမြို့နယ်အသီးသီးမှာ ဆန္ဒပြသူတွေ အများအပြား ဒီနေ့လည်း ဆက်ရှိနေပါတယ်။

အလုံမြို့နယ်က ဒီနေ့ ဆန္ဒပြသပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က ဖြိုခွင်းခဲ့တဲ့အပြင် ဆန္ဒပြသူတွေ ပုန်းခိုနေတဲ့နေရာတွေကို ဝင်ရောက်ရှာဖွေတာတွေ လုပ်ခဲ့ပါတယ်။

နေ့လယ်က အောက်ကြည့်မြင်တိုင်လမ်းနဲ့ မာဃလမ်းထောင့်မှာရှိတဲ့ အလုံဗလီဝင်းအတွင်း ရဲတပ်သား တစ်ဦးက အုတ်တံတိုင်းကို ကျော်ခွဝင်ပြီးနောက် အတွင်းကနေ တံခါးကိုဖွင့်ပြီး ကျန်တဲ့ရဲတပ်သားတွေ အများအပြားက ဗလီဝင်းအတွင်း ဝင်ရောက်ခဲ့တာကို ရုပ်သံဖိုင်တစ်ခုမှာ တွေ့ရပါတယ်။

လမ်းသွယ်၊ လမ်းကြားတွေထဲကိုဝင်ပြီး နေအိမ်တွေထဲဆန္ဒပြသူတွေ ရှိ၊ မရှိ ဝင်ရောက်ရှာဖွေတာတွေလည်း လုပ်ခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

မနေ့က ဆန္ဒပြသူတွေကို ပိတ်ဆို့ထားတဲ့ စမ်းချောင်းမြို့နယ်မှာ ပိတ်မိနေသူတွေ ဒီနေ့မနက်အစောပိုင်းကစပြီး နေအိမ်တွေကို ပြန်ခဲ့ကြပါတယ်။ ပိတ်မိနေသူတွေထဲက တချို့ကို ရဲတပ်ဖွဲ့က မနေ့ညက ဝင်ရောက်ဖမ်းဆီး တာတွေလည်း ရှိပါတယ်။ မျက်မြင်တွေ့ရှိသူတချို့ပြောတာက လူ ၄၀ လောက် ဖမ်းဆီးခံလိုက်ရတယ်လို့ ပြောပါတယ်။ ဆန္ဒပြသူတွေ စမ်းချောင်းမှာ မနေ့ညက ပိတ်မိနေတာကို ပြန်လွှတ်ပေးဖို့ ရန်ကုန်တိုင်းအတွင်း မြို့နယ်အတော်များများမှာ ညပိုင်း ဆန္ဒပြတောင်းဆိုတာတွေလည်းရှိခဲ့ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလ သမဂ္ဂရုံးကလည်း စမ်းချောင်းမြို့နယ်မှာ ပိတ်မိနေသူတွေကို ဘေးအန္တရာယ်ကင်းကင်းနဲ့ အိမ်ပြန်နိုင်အောင် စစ်တပ်နဲ့ ရဲတွေက ခွင့်ပြုဖို့ကို တောင်းဆိုခဲ့ပါတယ်။ အမေရိကန်၊ ဗြိတိန်၊ EU ဥရောပသမဂ္ဂနဲ့ ကနေဒါ သံရုံးတွေကလည်း ပြည်သူတွေ ဘေးအန္တရာယ်ကင်းကင်း အိမ်ပြန်နိုင်အောင် ခွင့်ပြုပေးဖို့ကို သံရုံးတွေရဲ့ Facebook စာမျက်နှာတွေကတဆင့် ရေးသားတောင်းဆိုခဲ့ကြပါတယ်။

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့မှာလည်း ဆန္ဒပြသူတွေကို စစ်တပ်က ရာဘာကျည်သုံး ပစ်ခတ်လူစုခွဲ ခဲ့တာကြောင့် ၃ ဦး ထိခိုက်ဒဏ်ရာရပြီး သုံးဦး ဖမ်းခံလိုက်ရကြောင်း ဆန္ဒပြပွဲမှာပါဝင်သူက ပြောပါတယ်။

အဲဒီထဲက တစ်ယောက်က စိုးရိမ်ရကြောင်း ဆန္ဒပြပွဲမှာပါဝင်သူတစ်ဦးက ပြောပါတယ်။

မန္တလေးမြို့မှာတော့ ဆန္ဒပြသူတွေ ထွက်မလာအောင် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ အများအပြားချထားပါတယ်။ ၆၂ လမ်းနဲ့ သိပ္ပံလမ်းထောင့်၊ ၃၅ လမ်းနဲ့ သိပ္ပံလမ်းထောင့်၊ ၇၃ လမ်းနဲ့ လမ်း ၃၀ ထောင့်၊ ဘူတာကြီးထဲတွေ အပြင် မြန်မာ့စီးပွားရေးဘဏ်ရှေ့တွေမှာ အများအပြားနေရာယူထားပါတယ်။ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က မြို့တွင်း မှာလည်း လှည့်လည်သွားလာနေပါတယ်။

ဆန္ဒပြစစ်ကြောင်း တစ်နေ့ နှစ်ကြိမ်ထွက်လေ့ရှိတဲ့ မြတောင်စစ်ကြောင်းကို ထွက်လို့မရအောင် ပိတ်ဆို့ တားဆီးထားတာကြောင့် ဆန္ဒပြမယ့်သူတွေ လူစုခွဲပြီးထွက်နေရပါတယ်။

ဆန္ဒပြသူတွေကတော့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ အများအပြားရှိနေတဲ့ကြားက လွတ်တဲ့နေရာတွေမှာ ဒီနေ့ ဆက်လက်ဆန္ဒပြခဲ့ကြပါတယ်။

တနင်္သာရီတိုင်း၊ မြိတ်မြို့၊ ကွက်သစ်က စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းကို ရဲနဲ့စစ်တပ်က ဒီနေ့အကြမ်းဖက်ဖြိုခွင်းပြီး ကျောင်းသားနဲ့ပြည်သူ ၅၀ နီးပါး အဖမ်းခံလိုက်ရပါတယ်။

မြိတ်မြို့မှာ ဒီနေ့ ကျောင်းသားသမဂ္ဂ သပိတ်စစ်ကြောင်း အပါအဝင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေတဲ့ သပိတ်စစ်ကြောင်းတွေရှိပြီး အဲဒီထဲက ကွက်သစ်မှာရှိတဲ့ သပိတ်စစ်ကြောင်း မထွက်ခင်မှာ အကြမ်းဖက် ဖြိုခွင်းခံရပြီး လူ ၅၀ နီးပါး အဖမ်းခံရတာလို့ သပိတ်ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေကို မြိတ်မြို့က လေတပ်စခန်းကို ဖမ်းဆီးခေါ်ဆောင်သွားပြီး သူတို့ပြန်လည်လွတ်မြောက် ရေး တက္ကသိုလ်ပါမောက္ခတွေ၊ မိဘတွေက ကြိုးစားခဲ့ပါတယ်။

အဲဒီဖမ်းခံရသူတွေထဲက မိန်းကလေးတွေနဲ့ အသက် ၁၈ နှစ်အောက်လူငယ် စုစုပေါင်း ၂၀ ဝန်းကျင်လောက် နေ့လယ်ပိုင်းမှာ ပြန်လွတ်လာပါတယ်။ တချို့ဆန္ဒပြသူတွေ ဖမ်းခံရချိန်မှာ ရိုက်နှက်ခံခဲ့ရကြောင်း ပြန်လွတ်လာသူတွေက ပြောပါတယ်။

မြိတ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်စစ်ကြောင်းတွေကို စစ်တပ်နဲ့ရဲက နေတိုင်း အကြမ်း ဖက်ဖြိုခွင်းတာ၊ ဖမ်းဆီးတာတွေကြောင့် သပိတ်ခေါင်းဆောင်တချို့ အဖမ်းဆီးခံရပြီး တချို့ထွက်ပြေးတိမ်း ရှောင်နေရပါတယ်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့ အထက်တန်းကျောင်း အမှတ် ၂ ရှေ့မှာ ဒီနေ့ စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြနေသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ရာဘာကျည်နဲ့ မျက်ရည်ယိုဗုံး အသုံးပြုပြီး လူစုခွဲခဲ့တာကြောင့် တချို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ကက်သလစ် ဘုန်းတော်ကြီးနဲ့ နှစ်ခြင်းဆရာတော်တို့က ဆန္ဒပြပြည်သူနဲ့ ရဲ၊ စစ်တပ်တွေ ထိပ်တိုက်မတွေ့ ကြဖို့၊ ပြည်သူတွေကို မပစ်ဖို့ သွားညှိနှိုင်းပြီး ဆန္ဒပြနေသူတွေ နောက်ပြန်ဆုတ်နေချိန်မှာပဲ ပစ်ခတ်ဖြိုခွင်း တာကြောင့် ထိခိုက်ဒဏ်ရာရတာလို့ ဆန္ဒပြမှာ ပါဝင်သူတွေက ပြောပါတယ်။

ဧရာဝတီတိုင်း ပုသိမ်မြို့က စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြနေတဲ့ နွေဦးတော်လှန်ရေးစစ်ကြောင်းဟာ ဒီနေ့ အမှတ် ၇ နဲ့ ၈ ရပ်ကွက်တွေမှာ လှည့်လည်ဆန္ဒပြခဲ့ပါတယ်။ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက် လူစုခွဲပြီး ရပ်ကွက်လမ်းထဲတွေအထိ အင်အားသုံး လိုက်လံဖမ်းဆီးခဲ့ပါတယ်။ ရဲတပ်ဖွဲ့က အင်အားသုံး ဖမ်းဆီး ခဲ့ပေမယ့် အထိအခိုက်မရှိဘဲ လူစုခွဲနိုင်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပါတယ်။

ချင်းပြည်နယ်၊ ဟားခါးမြို့က Chin Center of Peace and Reconciliation (CCPR) ရုံးကို ဒီနေ့မနက်မှာ စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပါတယ်။ အဲဒီရုံးမှာတာဝန်ကျ ရုံးစောင့်လည်း ဖမ်းဆီးခံလိုက်ရပါတယ်။

CCPR ရုံးဟာ ချင်းပြည်နယ်၊ ချင်းလူမျိုးတွေ ငြိမ်းချမ်းဆိုင်ရာကိစ္စရပ်တွေ ဆွေးနွေးရာမှာ အသုံးပြုဖို့ ဖွင့်လှစ်ထားတဲ့ရုံး ဖြစ်ပါတယ်။

နေ့လယ်ပိုင်းမှာလည်း ဟားခါးမြို့ ပြည်တော်သာရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ ပရဟိတဆေးခန်း မေခလာဆေးခန်းကိုလည်း စစ်တပ်က ဝင်ရောင်စီးနင်းပြီး ဒေါက်တာငွေကျုံလျန်ကို ဖမ်းထားတယ်လို့ ဟားခါးဒေသခံတွေက RFA ကို ပြောပါတယ်။

မေခလာဆေးခန်းဟာ CDM လုပ်နေတဲ့ ကျန်မာရေးဝန်ထမ်းတွေနဲ့ ပူပေါင်းဖွင့်ထားတဲ့ ဆေးခန်း ဖြစ်ပါတယ်။

ဖမ်းထားတဲ့နှစ်ယောက်ကို ပြန်လွတ်ပေးဖို့ ဟားခါးမြို့ ပြည်သူတွေက တပ်စခန်းကိုသွားရောက် တောင်းဆို ခဲ့ကြပါတယ်။ စစ်တပ်ကတော့ ဟားခါးတက္ကသိုလ်မှာ နေရာယူထားပါတယ်။

မကွေးတိုင်း၊ မကွေးမြို့ပေါ်မှာလည်း အောင်စေတနာရပ်ကွက်နဲ့ သိင်္ဂါဂီရိရပ်ကွက် (၂) နေရာမှာ စစ်အာဏာ ရှင် ဆန့်ကျင်ရေး ဖက်ဒရယ်ဒီမိုကရေစီရရှိရေး ကြွေးကြော်သံတွေနဲ့ ဒေသခံတွေက ဆန္ဒပြခဲ့ပါတယ်။

စစ်တပ်နဲ့ ရဲတပ်ဖွဲ့က သိင်္ဂါဂီရိရပ်ကွက်မှာ လမ်းကြားကလူနေအိမ်ထဲအထိ မီးခိုးဗုံးတွေပစ်ခဲ့လို့ ကလေးငယ် တွေပါ မီးခိုးမွှန် အသက်ရှူကျပ်ခဲ့တယ်လို့ ပြောပါတယ်။ လူနေအိမ်တွေဘက် မပစ်ဖို့ ထွက်တားသူတွေကို လည်း ဖမ်းဆီးသွားတာကြောင့် လေးဦးလောက် အဖမ်းခံလိုက်ရတယ်လို့ ရပ်ကွက်နေပြည်သူက ပြောပါတယ်။ ဆန္ဒပြသူတွေကတော့ ဖမ်းဆီးခံရတာမရှိခဲ့ပါဘူး။

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဒုံရင်းတိုက်နယ်ကျေးရွာက လူအင်အားထောင်ချီပါဝင်တဲ့ ကရင်လူငယ် သပိတ်စစ်ကြောင်းက စစ်အာဏာကျရှုံးရေး ကျေးရွာထဲမှာ ဒီနေ့ ဆက်လက်ဆန္ဒပြခဲ့ပါတယ်။

ဘားအံမြို့အတွင်းမှာ ရဲနဲ့စစ်တပ်တွေက နေရာအနှံ့မှာ နေရာယူထားတာကြောင့် အခုရက်ပိုင်းမှာ ကရင် လူငယ်တွေက မြို့ပေါ်မှာ ဆန္ဒပြပွဲလုပ်ဖို့ခက်ခဲနေတာကြောင့် ကျေးရွာတွေမှာ ပြောင်းရွှေ့ ဆန္ဒပြနေ ကြတာပါ။ အလားတူ ကော့ကရိတ်မြို့မှာလည်း လူငယ်တွေက ကျေးရွာတွေမှာ ဆန္ဒပြခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။