စစ်ကောင်စီက ကိုဗစ်ကန့်သတ်ချက်ကို ဖိနှိပ်ရေးအတွက် အသုံးပြုခဲ့ကြောင်း အစီရင်ခံစာ ထုတ်ပြန်

2022.05.05
Share on WhatsApp
Share on WhatsApp
စစ်ကောင်စီက ကိုဗစ်ကန့်သတ်ချက်ကို ဖိနှိပ်ရေးအတွက် အသုံးပြုခဲ့ကြောင်း အစီရင်ခံစာ ထုတ်ပြန် စစ်ကောင်စီတပ်သားတွေကို ရန်ကုန်မြို့မှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် တွေ့ရစဥ်
Photo: RFA

တနင်္သာရီတိုင်းအတွင်းမှာ အာဏာသိမ်းကာလ နိုင်ငံရေးနဲ့ ဆက်နွှယ်ပြီး ဖမ်းဆီးခံရသူတွေ အပေါ် စစ်ကောင်စီတပ်က ကိုဗစ်ရောဂါကူးစက်မှုကို လက်နက်သဖွယ် အသုံးချပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ်လို့ တနင်္သာရီတိုင်း လူထုအသံ (TPV) အဖွဲ့က မေလ ၄ ရက်နေ့ မနေ့က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းမှုအတွင်း စစ်ကြောရေးမှာ နိုင်ငံရေးအကျဉ်းသားတွေ သေဆုံးခဲ့ရမှုအတွက် ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးတယ်ဆိုပြီး အကြောင်းပြတာ၊ ကိုဗစ် ရောဂါ ကန့်သတ်ချက်တွေကို အသုံးပြုပြီး နိုင်ငံရေးအကျဉ်းသားတွေကို သီးခြားခွဲထား တာနဲ့ ထောင်ဝင်စာမတွေ့ခိုင်းတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့ခဲ့ရ တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းကာလအတွင်း ဖမ်းဆီးအကျဉ်းချခံရပြီး ပြန်လည်လွတ်မြောက်လာသူတွေနဲ့ ဖွဲ့စည်းထားတဲ့ ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်ရဲ့ တာဝန်ရှိသူတစ်ဦးကတော့ ဒီအခြေအနေတွေဟာ တနင်္သာရီတိုင်းမှာ အမှန်တကယ် ကြုံတွေ့နေရတဲ့ အခြေအနေတွေ ဖြစ်တယ်လို့ မှတ်ချက်ပြုပါတယ်။

“စစ်ကြောရေးမှာ ကျဆုံးသွားတဲ့သူတွေကို ကိုဗစ်ကြောင့် ကျဆုံးသွားတယ်ဆိုတဲ့အပြင် တခြား သွေးတိုး၊ ဆီးချို အကြောင်းပြချက်တွေပေးပြီး အလောင်းပြန်ပေးတာရှိတယ်။ တချို့အလောင်းတွေကိုကျတော့ ကိုဗစ်အလောင်းဖြစ်တဲ့အတွက် ပြန်ပေးလို့မရဘူး။ တစ်ခါတည်း သင်္ဂြိုဟ်မှ ရမယ်ဆိုပြီးတော့ တစ်ခါတည်း လက်စဖျောက်လိုက်တာ အဲဒီလိုမျိုးတွေလည်းရှိတယ်”

ဒီလိုမျိုးအခြေအနေတွေက တနင်္သာရီတိုင်းတစ်ခုတည်းမှာမှမဟုတ်ဘဲ မြန်မာနိုင်ငံ အနှံ့အပြားမှာလည်း အလားတူဖြစ်ရပ်မျိုးတွေ ကြုံတွေ့နေရတယ်လို့ သူက ဆိုပါတယ်။

ဒီအစီရင်ခံစာဟာ တနင်္သာရီတိုင်းအတွင်း မြို့နယ် ၁၀ ခုက ပြည်သူ ၂၆၀ ကို တွေ့ဆုံ မေးမြန်း စစ်တမ်းကောက်ယူခဲ့တဲ့အပြင် စစ်ကောင်စီရဲ့ လူ့အခွင့်ရေးချိုးဖောက်မှုကို ကျူးလွန်ခဲ့ရသူများနဲ့ နက်နက်ရှိုင်းရှိုင်း အင်တာဗျူး (Case Study) ၁၀ ကို ထပ်မံပြုလုပ်ပြီး ပြုစုရေးသားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီဟာ ကိုဗစ်ကာကွယ်ဆေး လာရောက်ထိုးနှံတဲ့အချိန်စောင့်ဆိုင်းပြီး ဖမ်းဆီးတာ၊ စစ်ကောင်စီကို ထောက်ခံသူတွေကိုသာ ရွေးချယ်ပြီး ကာကွယ်ဆေးထိုးနှံပေးတာနဲ့ လွတ် လပ်စွာ သွားလာခွင့်တွေကို အကြောင်းပြပြီး ပိတ်ပင်တားဆီးတာမျိုးတွေလည်းရှိခဲ့တယ် လို့ အစီအရင်ခံစာမှာ ဖော်ပြပါတယ်။

ဒီအစီရင်ခံစာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ သဘောထားကိုသိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်နေပေမယ့် အကြောင်းမပြန်သေးပါဘူး။

စစ်ကောင်စီတပ်ရဲ့ အခုလိုလုပ်ရပ်တွေ အမြန်ဆုံး အဆုံးသတ်ဖို့အတွက် နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ကို လွှဲနိုင်ဖို့နဲ့ နိုင်ငံတကာကလည်း စစ်ကောင်စီကို လက်နက်ပိတ်ဆို့တာ၊ ငွေကြေးစီးဆင်းမှု ဖြတ်တောက်တာတွေ ပြုလုပ်ဖို့လည်း တနင်္သာရီတိုင်း လူထုအသံ (TPV) အဖွဲ့က တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့