ပြည်သူ့စစ်အဖွဲ့ကို လီဆူ တိုင်းရင်းသားတွေ အမှုဖွင့်


2016.11.10
lisu-injure-620.jpg ကချင်အထူးဒေသ ၁ ပြည်သူ့စစ်အဖွဲ့က ရိုက်နှက်ပစ်ခတ်လို့ ဒဏ်ရာရရှိခဲ့တဲ့ ရားလူးရွာသားတွေကို မြစ်ကြီးနားဆေးရုံမှာ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၄ ရက်နေ့က အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး လာရောက်ကြည့်ရှုစဉ်
Photo: Kyaw Myo Min/RFA

တရုတ်-မြန်မာနယ်စပ် ကချင်အထူးဒေသ ၁ နယ်မြေဖြစ်တဲ့ ချီဖွေမြို့နယ် ကန်းဖန့်ကျေးရွာတဝိုက်မှာ လှုပ်ရှားနေ တဲ့ ပြည်သူ့စစ်အဖွဲ့က သေနတ်နဲ့ ပစ်ခတ်ပြီး ရိုက်နှက်ခဲ့လို့ ဒဏ်ရာရရှိခဲ့တဲ့ ရားလူးရွာသား လီဆူတိုင်းရင်းသား ၅ ဦးက ပြည်သူ့စစ်အဖွဲ့ကို  ချီဖွေရဲစခန်းမှာ မနေ့က အမှုဖွင့်လိုက်ပါတယ်။

မတရားဖမ်းဆီးချုပ်နှောင်မှု၊ အပြင်းအထန်ဒဏ်ရာရရှိစေမှု စတဲ့ ပုဒ်မ ၄ ခုနဲ့ အမှုဖွင့်တာဖြစ်တယ်လို့ ချီဖွေမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်စိုး က ဒီကနေ့ ပြောပါတယ်။

မြစ်ကြီးနားဆေးရုံမှာ ကုသခံနေရတဲ့ ရားလူးရွာသား ၅ ဦးက လက်မှတ်ရေးထိုးပြီး အမှုဖွင့်တိုင်ကြားတာဖြစ်တယ် လို့ ဒဏ်ရာရရှိတဲ့ ရွာသားတွေကို ကူညီပေးနေတဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးယောန က ပြော ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်နေ့က ကန်းဖန့်ကျေးရွာအုပ်စုက ရားလူးရွာသားတချို့နဲ့ ကချင်အထူးဒေသ ၁ ရဲ့ ကန်းဖန့်ရွာမှာလှုပ်ရှားနေတဲ့ ပြည်သူ့စစ်အဖွဲ့တို့ဟာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ရားလူး ရွာသား ၅ ဦး ထိခိုက်ဒါဏ်ရာရရှိခဲ့သလို ပြည်သူ့စစ်အဖွဲ့ဘက်ကလည်း ထိခိုက်ဒဏ်ရာရတာတွေရှိတယ်လို့ သိရပါတယ်။

ဒဏ်ရာရရှိသူတွေဟာ ရားလူးကျေးရွာက လီဆူ တိုင်းရင်းသား ရပ်မိ၊ ရပ်ဖနဲ့ ကျောင်းကော်မတီဝင်တွေ ဖြစ်ပါတယ် ။ ဒဏ်ရာရသူ ငါးယောက်ထဲက တစ်ယောက်ဟာ ပေါင်မှာ သေနတ်ထိမှန်ခံရတာဖြစ်ပြီး ကျန်လေးယောက် က ခေါင်းနဲ့ ခန္ဓာကိုယ်တွေမှာ ရိုက်နှက်ခံရတာပါ။

ရဲတပ်ဖွဲ့အနေနဲ့တော့ ရုန်းရင်းဆန်ခတ်မှုမှာ ပါဝင်ခဲ့တဲ့ နှစ်ဘက်လုံးက ပါဝင်ပတ်သက်သူတွေကို စုံစမ်းစစ်ဆေးနေ ပြီး တရားဥပဒေ လမ်းကြောင်းအတိုင်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ချီဖွေမြို့နယ် ရဲတပ်ဖွဲ့ရုံးက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။