ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံသွား


2016.10.28
minaunghlaing-china-620.jpg တရုတ်နိုင်ငံကိုသွားမယ့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို နေပြည်တော် အပြည်ပြည် ဆိုင်ရာလေဆိပ်မှာ အောက်တိုဘာလ ၂၈ ရက်နေ့က တွေ့ရစဉ်
Photo: Senior General Min Aung Hlaing Facebook

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ် Gen. Fang Fenghui ရဲ့ ဖိတ်ကြားချက်နဲ့ တရုတ်နိုင်ငံကို ဒီနေ့ ထွက်ခွာသွားပါတယ်။

အခုချိန်ဟာ "ဝ" နဲ့ မိုင်းလားအဖွဲ့အကြား စစ်ရေးတင်းမာနေချိန်ဖြစ်တဲ့အတွက် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ခရီးစဉ်မှာ မိုင်းလားအရေးအပါအဝင် တရုတ်-မြန်မာနယ်စပ်တည်ငြိမ်ရေးကို အထူးဦးစားပေး ဆွေးနွေးနိုင်တယ်လို့ ၂၁ ရာစုပင်လုံညီလာခံမှာ မိုင်းလားအဖွဲ့ရဲ့ နိုင်ငံရေးအကြံပေးအဖြစ် တက်ရောက်ခဲ့တဲ့ စာရေးဆရာ သန်းစိုးနိုင် က ပြောပါတယ်။

"မိုင်းလား ပြဿနာနဲ့ တစ်စုံတရာ ဆက်စပ်မှုရှိလိမ့်မယ်လို့ ယူဆပါတယ်။ ဘာဖြစ်လု့ိလဲဆိုတော့ မိုင်းလား၊ ၀ နဲ့ ကိုးကန့်ဆိုတာ တရုတ်- မြန်မာ နယ်စပ်မျဉ်းပေါ်မှာရှိနေတဲ့ တရုတ်ရဲ့ မဟာမိတ်တွေလို့ လည်း ပြောလို့ရတယ်။ အဲဒီတော့ ဒီမှာဖြစ်နေတဲ့ ပြဿနာတွေကို သေသေချာချာ မထိန်းသိမ်းနိုင်ဘူး ဆိုရင် ဖြစ်လာမယ့် အကျိုးဆက်က တော်တော်လေး ဆိုးဝါးပါတယ်။ အဲဒီဆိုးဝါးမှုတွေက မြန်မာကိုသာ ထိခိုက်မှာ မဟုတ်ဘူး၊ တရုတ်ပြည်ကိုလည်း ထိခိုက်နိုင်တယ် ။ တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံရဲ့ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေးကိုလည်း ထိခိုက်နိုင်တဲ့ ကိစ္စတွေဖြစ်တယ်လေ"

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့အတူ (ကြည်း၊ ရေ၊ လေ) ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံးက အရာရှိကြီးတွေ လိုက်ပါသွားတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

"ဝ" နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲတွေဖြစ်လာရင် မဲခေါင်မြစ်ဝှမ်းကနေ ရွှေလီ မြစ်ဝှမ်းတစ်လျှောက်အထိ တိုက်ပွဲတွေ ပျံ့နှံ့သွားနိုင်တယ်လို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။

ဒီခရီးစဉ်နဲ့ပတ်သက်ပြီး တပ်မတော်ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်ချုပ်အောင်ရဲဝင်းကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ခရီးထွက်နေတဲ့အတွက် မေးမြန်းလို့ မရခဲ့ပါဘူး။

တရုတ်နိုင်ငံမှာ နေထိုင်တဲ့ နိုင်ငံရေးလေ့လာသူ ဒေါက်တာလှကျော်ဇော က နယ်စပ်တလျှောက်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရအဖွဲ့တို့ လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးကိစ္စတွေနဲ့ ပတ်သက်ပြီး တရုတ်ခေါင်းဆောင်တွေနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဆွေးနွေးနိုင်တယ်လို့ ပြောပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားဒေသက အရေးပါတဲ့ နယ်စပ်ဝင်ပေါက်ဂိတ်တွေမှာ "ဝ"တပ်ဖွဲ့က တပ်စွဲထားတာကို ပြီးခဲ့တဲ့အောက်တိုဘာလ ၂၄ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးဖို့ အစိုးရတပ်မတော်က အကြောင်းကြားထားတာကြောင့် နှစ်ဖက်စစ်ရေးတင်းမာနေပြီး မိုင်းလားဒေသခံတွေက စိုးရိမ်နေကြပါတယ်။

လက်ရှိအနေအထားအရ မိုင်းလားနယ်နမိတ်ထဲမှာ "ဝ" တပ်ဖွဲ့ရှိနေပေမယ့် မိုင်းလားဒေသရဲ့ အုပ်ချုပ်ရေးကို မိုင်းလားခေါင်းဆောင်တွေကသာ ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။