ဘာသာရေးလွတ်လပ်ခွင့် လက်ခံကြောင်း ကာချုပ်ပြောကြား
2017.05.13
ဗြိတိန်နိုင်ငံ၊ Inter Mediate အဖွဲ့က Mr. Jonathan Powell ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မေလ ၁၁ ရက်နေ့က နေပြည်တော် ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်မှာ တွေ့ဆုံစဉ်
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံမှာ ဘာသာရေး လွတ်လပ်ခွင့် ရှိတဲ့အတွက် အစ္စလာမ်ဘာသာကို တရားဝင်လက်ခံ အသိအမှတ်ပြုထားပြီးဖြစ်ကြောင်း၊ ဒါပေမဲ့ တဖက်နိုင်ငံက ဝင်ရောက်နေထိုင်တဲ့ ဘင်္ဂါလီတွေကိုတော့ ရိုဟင်ဂျာတွေအဖြစ် လက်ခံမှာ မဟုတ်ကြောင်း၊ သူတို့အနေနဲ့ ဘင်္ဂါလီတွေဖြစ်တယ်ဆိုတာကို ပထမဆုံး လက်ခံရမှာဖြစ်ကြောင်း၊ အဲဒီနောက်မှာမှ မှတ်ပုံတင်ခြင်းနဲ့ နိုင်ငံသား အဖြစ် အသိအမှတ်ပြုခြင်းစတဲ့ လုပ်ငန်းစဉ်တွေကို ဥပဒေအတိုင်း အဆင့်ဆင့် ဆောင်ရွက်မှာဖြစ်ကြောင်း မြန် မာနိုင်ငံကို ရောက်ရှိနေတဲ့ ဗြိတိန်စေ့စပ်ရေးသမား Jonathan Powell ဂျိုနသန် ပါဝဲလ် နဲ့ မနေ့က တွေ့ဆုံရာ မှာ ပြောကြားလိုက်ပါတယ်။
ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီးက မြန်မာ့တပ်မတော်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက် မွတ်စလင်တွေ ကို ချေမှုန်းရေးအတွက် ရဲတပ်ဖွဲ့ကို ကူညီခဲ့တာဟာ ဗြိတိန်နိုင်ငံက မြောက်ပိုင်း အိုင်ယာလန် ခွဲထွက်ရေးပြဿနာ ကို ဖြေရှင်းခဲ့ပုံနဲ့ အလားသဏ္ဍန်တူကြောင်းနဲ့ လက်ရှိမှာ အဲဒီဒေသလုံခြုံရေးကို ရဲတပ်ဖွဲ့ကပဲ တာဝန် ယူနေကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
တဆက်တည်းမှာပဲ နေပြည်တော်မှာ မနေ့က ကျင်းပတဲ့ အဲဒီတွေ့ဆုံပွဲမှာ မြန်မာငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး အစိုးရနဲ့ တပ်မတော် ပူးပေါင်းကြိုးပမ်းနေကြောင်း၊ အဖွဲ့တချို့က ပါတီစုံဒီမိုကရေစီလမ်းကြောင်း ကနေ သွေဖီလိုတဲ့ နိုင်ငံရေးအမြင်တွေရှိကြောင်းနဲ့ အခြင်းခြင်း ယုံကြည်မှုရရှိဖို့ အရေးကြီးကြောင်း စသဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဗြိတိန်စေ့စပ်ရေးသမား Jonathan Powell ကို ပြောကြားခဲ့ပါတယ်။









