ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပူတာအို ဒေသခံတွေနဲ့ တွေ့ဆုံ

2018-03-21
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပူတာအိုမြို့ရှိ ရပ်မိရပ်ဖများ၊ ဒေသခံ တိုင်းရင်းသားများ၊ ဌာနဆိုင်ရာများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ်ဌာနေအဖွဲ့ဝင်များအား တွေ့ဆုံစဉ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပူတာအိုမြို့ရှိ ရပ်မိရပ်ဖများ၊ ဒေသခံ တိုင်းရင်းသားများ၊ ဌာနဆိုင်ရာများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ်ဌာနေအဖွဲ့ဝင်များအား တွေ့ဆုံစဉ်
Photo: Senior General Min Aung Hlaing - facebook

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ကချင်ပြည်နယ် ပူတာအိုမြို့မှာ ဒေသခံ တိုင်းရင်းသားတွေနဲ့ တွေ့ဆုံပြီး ဒေသတည်ငြိမ်ရေး နဲ့ ဖံွ့ဖြိုးတိုးတက်ရေးအခြေအနေတွေ ဆွေးနွေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၉ ရက် ညနေပိုင်းက ပူတာအိုမြို့က ခလရ ၄၆ တပ်ရင်းရိပ်သာမှာ ဒေသခံတိုင်းရင်းသားတွေနဲ့ တွေ့ဆုံခဲ့တာဖြစ်တယ်လို့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ပူတာအိုမြို့နယ် လီဆူရိုးရာယဉ်ကျေးမှုအဖွဲ့ အတွင်းရေးမှူး ဦးရားနီက ပြောပါတယ်။

"ပြည်သူရဲ့ ဆန္ဒကိုတော့ ဆက်လက်တင်ပြပေးပါမယ်လို့တော့ ပြောပါတယ်၊ ပြည်သူ့အတွက် အကျိုးရှိတဲ့ လုပ်ငန်းတွေမှာ ပံ့ပိုးကူညီဆောင်ရွက်ပေးပါမယ်။ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ လုပ်ငန်း တိုးတက်အောင်မြင်အောင် လမ်းကိစ္စကိုလည်း ဟုတ်တယ်။ နောက် ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေအတွက် အားလုံးအတွက် ဆွေးနွေးပေးပါမယ်၊ ပူးပေါင်းကူညီပေးပါမယ်လို့ ပြောပါတယ်"

တွေ့ဆုံပွဲကို ဒေသခံ ရှမ်း၊ ရဝမ်၊ လီဆူ၊ ဂျိန်းဖော စတဲ့ ရိုးရာယဉ်ကျေးမှုအဖွဲ့တွေ၊ ဋ္ဌာနဆိုင်ရာ ၀န်ထမ်းတွေနဲ့ ရပ်မိရပ်ဖတွေ တက်ရောက်ခဲ့ပါတယ်။ တွေ့ဆုံချိန်မှာ မြေလွတ်မြေရိုင်းပေါများတဲ့ ပူတာအိုခရိုင်မှာ ဒေသရိက္ခာ ဖူလုံအောင် စိုက်ပျိုးမွေးမြူရေးတွေ လုပ်ကိုင်ကြဖို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ပူတာအိုကို မြစ်ကြီးနားဘက်က စက်သုံးဆီ နဲ့ စားနပ်ရိက္ခာ တင်ဆောင်လာတဲ့ ယာဉ်တန်းတချို့ ဝင်ရောက်လာတာတွေရှိနေပေမယ့် အများပြည်သူကတော့ အရင်လို သွားလာမှုတွေမရှိသေးဘူးလို့ သိရပါတယ်။

အဲဒီလို ယာဉ်တန်းတချို့ဝင်ရောက်လာတာကြောင့် စက်သုံးဆီဈေးတွေ ကျဆင်းလာနေပြီး ဓါတ်ဆီ ၁ ပုလင်းကို ငွေကျပ် ၈ ထောင် လောက်ကနေ အခုဆိုရင် ကျပ် ၁၅၀၀ နဲ့ ဝယ်ယူလို့ရနေပြီဖြစ်သလို  တခြားကုန်ဈေးနှုန်းတွေ လည်း ကျလာပြီလို့ သိရပါတယ်။

လူဦးရေ ၉ သောင်းကျော်ရှိတဲ့ ပူတာအိုခရိုင်က ပြည်သူတွေဟာ ကုန်စည်ကူးသန်းသွားလာရေးအတွက် မိုင်ပေါင်း ၂၀၀ ကျော်ရှည်တဲ့ မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းကို အဓိက အားထားနေရတာဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့