တရုတ်နိုင်ငံကို ကျေးဇူးတင်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော


2019.04.10
minaunghlaing-beijing-622.jpg တရုတ်နိုင်ငံ၊ ပေကျင်းမြို့ကို ရောက်ရှိနေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တွေ့ရစဉ်
Photo: http://www.cincds.gov.mm

နယ်စပ်ဒေသလုံခြုံအေးချမ်းရေးအတွက် မြန်မာ့တပ်မတော်က အစွမ်းကုန်ကြိုးစားဆောင်ရွက်နေပြီး ရခိုင် အရေးအပါအဝင် မြန်မာနိုင်ငံရဲ့ အခြေအနေ အရပ်ရပ်အပေါ် တရုတ်နိုင်ငံက ရပ်တည်ပေးခဲ့တာတွေကို ကျေးဇူးတင်တယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မနေ့က တရုတ်နိုင်ငံ၊ ပေကျင်းမြို့မှာ တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နဲ့ ပူးတွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ်နဲ့ တွေ့ဆုံရာမှာ အခုလို ပြောလိုက်တာဖြစ်တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက မနေ့က နေ့စွဲနဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံ၊ ပူးတွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ်ကလည်း မြန်မာနိုင်ငံမြောက်ပိုင်း၊ နယ်စပ်ဒေသလုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးဟာ နှစ်နိုင်ငံလုံးအတွက် အရေးကြီးပြီး နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေတဲ့ ဘယ် အဖွဲ့အစည်းရဲ့ လုပ်ဆောင်ချက်ကိုမှ လက်ခံမှာမဟုတ်ဘူးလို့ ပြန်လည်ပြောကြားခဲ့ကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ (၁) နဲ့ လည်း မနေ့က တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံက လက်ရှိမှာ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ရှုပ်ထွေးနေပြီး ခက်ခဲစွာ လုပ်ဆောင်နေရကြောင်းနဲ့ တရုတ်နိုင်ငံအနေနဲ့ နှစ်နိုင်ငံ ဆက်ဆံရေး ခိုင်မာဖို့အတွက် ပူးပေါင်းဆောင်ရွက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ပေးဖို့ အရေးကြီးကြောင်း ပြောဆိုဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ကော်မရှင် ဒုတိယ ဥက္ကဋ္ဌကလည်း ဒေသတွင်းပြဿနာတွေကို တရုတ်-မြန်မာ အပြန်အလှန် အထောက်အကူပြုပြီး ဆက်ဆံသွားမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံခရီးစဉ်အတွင်း တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၊ နိုင်ငံခြားဆက်ဆံရေးဌာန အကြီးအကဲ နိုင်ငံတကာရေးရာဌာန ဝန်ကြီးနဲ့လည်း မနေ့က သွားရောက်တွေ့ဆုံခဲ့ပါတယ်။

အခုလ ၉ ရက်နေ့က စတင်ပြီး တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံ ပူးတွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ် Gen. Li Zuocheng၊ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ (၁) General Xu Qiliang နဲ့ တရုတ်ကွန်မြူနစ်ပါတီ၊ နိုင်ငံတကာရေးရာဌာနဝန်ကြီး H.E. Mr. Song Tao တို့နဲ့ တွေ့ဆုံပြီးဖြစ်သလို တရုတ်သမ္မတ မစ္စတာ ရှီကျင်းဖျင့် နဲ့လည်း တွေ့ဆုံဖို့ရှိနေတယ်လို့ သိရပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ရဲ့ တရုတ်ပြည်ခရီးစဉ်မှာ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တရုတ်-မြန်မာ နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာအစိုးရကြား အပစ်အခတ်ရပ်စဲရေး၊ မြစ်ဆုံစီမံကိန်းအပါအဝင် One Belt One Road ( OBOR) စီမံကိန်းအစရှိတာတွေ ဆွေးနွေးနိုင်တယ်လို့ လေ့လာသူတွေက ပြောကြပါတယ်။

အပစ်ရပ်စဲရေးကာလ ရှေ့ဆက်တိုးနိုင်ရေးအတွက် တရုတ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေက ကာကွယ်ရေး ဦးစီးချုပ်ကို တိုက်တွန်းဆွေးနွေးတာတွေရှိနိုင်တယ်လို့ တရုတ်နိုင်ငံမှာ နေထိုင်နေတဲ့ မြန်မာ့နိုင်ငံရေး လေ့လာသူ ဒေါက်တာ လှကျော်ဇောက ပြောပါတယ်။

"စစ်ရပ်စဲထားတာလည်း လေးလပြည့်တော့မှာဆိုတော့ ကာချုပ်နဲ့ ဆွေးနွေးထဲက ဒါတွေပါမယ်ထင်တယ်။ ထပ်ပြီးတော့ ရေရှည်တည်တံ့သွားဖို့ တရုတ်က အခုစစ်တပ်တင် မကဘူးဗျ။ ငြိမ်းချမ်းရေးစကားပြောနေတဲ့အဖွဲ့တွေ ဥပမာ မြောက်ပိုင်းအဖွဲ့တွေ ဘာတွေကိုလည်း သူတော်တော်ဖိဖိစီးစီး ပြောနေတာပဲ။ ဒါကြောင့်မို့လည်း ဒီငြိမ်းချမ်းရေးလုပ်ငန်း ရှေ့တစ်လှမ်းတက်ဖို့ အတွက်ကတော့ တရုတ်က ဘက်ပေါင်းစုံက ဝင်ပြီး ပါဝင်ပတ်သက်နေလိမ့်မယ် ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ ဆွေးနွေးစရာကိစ္စတွေလည်း တော်တော်များများ ရှိမယ်ထင်တယ်။ တချို့က တပ်မတော်ကပါ သဘောတူမှ ဖြစ်မယ့်ကိစ္စတွေ ရှိပုံရတယ်။ ဒါ့ကြောင့်မို့လို့ ကာချုပ်ကို အရင်ခေါ်ပြီးညှိတာ စေ့စပ်ပေးတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်"

တပ်မတော်က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ကစပြီး အခုလကုန်အထိ မြောက်ပိုင်းတိုင်း၊ အရှေ့မြောက်တိုင်း၊ အရှေ့ပိုင်းတိုင်း၊ အရှေ့အလယ်ပိုင်းနဲ့ တြိဂံဒေသတိုင်း စစ်ဌာနချုပ်နယ်မြေတွေမှာ အပစ်ရပ်ကြောင်း ကြေညာထားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့က တရုတ်-မြန်မာနယ်စပ် ရွှေလီမြို့မှာ KBC ခေါင်းဆောင် ၇ ဦးနဲ့ ယူနန်ပြည်နယ် အစိုးရအဖွဲ့တာဝန်ရှိသူတွေ တွေ့ဆုံရာမှာ ၄ လကြာအပစ်ရပ်ဖို့ မြန်မာ့တပ်မတော်ကို တရုတ်အစိုးရက ဖိအား ပေးခဲ့တာတွေရှိတယ်လို့ ယူနန်ပြည်နယ် အစိုးရအဖွဲ့က KBC ခေါင်းဆောင်တွေကို ပြောခဲ့ဘူးပါတယ်။

ဒါ့အပြင် အခုလကုန်ပိုင်းမှာ တရုတ်နိုင်ငံ ပေကျင်းမြို့မှာ ကျင်းပမယ့် OBOR ဒုတိယအကြိမ်မြောက် ဖိုရမ်ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ဖို့ တရုတ်အစိုးရက ဖိတ်ကြားထားတာရှိတဲ့အတွက် ဒီအစည်းအဝေးမတိုင်ခင် ကာကွယ်ရေးဦးစီးချုပ်ကို ဦးစွာ ခေါ်ယူတွေ့ဆုံတာဖြစ်နိုင်တယ်ဆိုတဲ့ ယူဆချက်တွေလည်း ရှိပါတယ်။

မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ကာကွယ်ရေးဦးစီးချုပ်ရဲ့ တရုတ်ပြည်ခရီးစဉ်အပေါ် သူ့ရဲ့ အမြင်ကို အခုလို ပြောပါတယ်။

"ဗမာပြည်မှာ အစိုးရနှစ်ရပ် ရှိနေတယ်။ အဲဒါကြောင့်မို့လို့ တစ်ယောက်နဲ့ဆွေးနွေးမယ့် ကိစ္စတွေကို နောက်တစ်ယောက်နဲ့လည်း ကြိုတင်ညှိနှိုင်းတဲ့သဘော ဖြစ်နိုင်တယ်လို့ ယူဆပါတယ်ခင်ဗျ။ အဓိကကတော့ ပြောကြမှာတော့ မြစ်ဆုံအကြောင်း ပြောကြမှာပါပဲ။ ကျောက်ဖြူရေနက်ဆိပ်ကမ်းဆိုရင်လည်း ရေနက်ဆိပ်ကမ်းကို အဆင့်လျော့ထားတဲ့ ကိစ္စရှိတယ်။ ကူမင်းနဲ့ ကျွန်တော်တို့ ကျောက်ဖြူ အခုမှ တိုင်းတာရေးအဆင့်ပဲ ရှိသေးတယ်။ အဲတော့ အပီအပြင်ပြောရမယ့် ကိစ္စကတော့ မြစ်ဆုံကိစ္စက ပိုပြီးအဓိက ကျလိမ့်မယ် ထင်တယ်။ ကျွန်တော်ထင်တာ"

တရုတ်သမ္မတ ရှီကျင်းဖျင့် ဦးဆောင်ပြီး အခုလကုန်ပိုင်း ခန့်မှန်းချေအားဖြင့် ဧပြီလ ၂၄ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ပေကျင်းမြို့မှာ ကျင်းပမယ့် OBOR  ဒုတိယအကြိမ်မြောက် ဖိုရမ်မှာ နိုင်ငံအသီးသီးက ထိပ်တန်းခေါင်းဆောင် လေးဆယ်ကျော်အပါအဝင် အဖွဲ့အစည်းအသီးသီးက လူပုဂ္ဂိုလ် စုစုပေါင်း ၁၀၀ ပါဝင်နိုင်မယ်လို့ သိရပါတယ်။

တပ်မတော်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂ မဟာဗျူဟာလေ့လာရေးအဖွဲ့က အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက ကာကွယ်ရေးဦးစီးချုပ်ရဲ့ တရုတ်ပြည်ခရီးစဉ်ဟာ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကိစ္စတွေ အဓိက ထားဆွေးနွေးနိုင်စရာရှိတယ်လို့ သုံးသပ်ပါတယ်။

"ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာပဲ ဖြစ်ပါစေ၊ လုံခြုံရေးပိုင်းဆိုင်ရာ ကိစ္စရပ်တွေမှာပဲ ဖြစ်စေ အစိုးရက ရှေ့မှာသိပ်မရောက်တာ များတယ်။ တပ်မတော်ဘက်ကိုပဲ လုံးဝပုံအပ်ထားပြီးတော့ သူကနောက်ကနေ following လုပ်နေတဲ့ ပုံစံမျိုးဖြစ်နေတာတော့ ကျွန်တော်တို့ သတိထားမိတယ်။ အစိုးရနှစ်ရပ် ဖြစ်နေလို့ သီးသန့်ညှိနေရတယ်ဆိုတာမျိုးထက် အဓိကကတော့ လုံခြုံရေးပိုင်းဆိုင်ရာနဲ့ ငြိမ်းချမ်းရေးပိုင်းဆိုင်ရာကိစ္စတွေမှာ တပ်မတော်ကို အစိုးရက ပုံအပ်ထားတယ်ဆိုတဲ့ ပုံစံမျိုးရှိလို့သာ ဝင်ပြီးတော့ ဆွေးနွေးဆောင်ရွက်နေတယ်လို့ ကျွန်တော်တို့ သုံးသပ်ပါတယ်ခင်ဗျ။ OBOR နဲ့ ပတ်သက်လို့ကတော့ အစိုးရရဲ့ ဆုံးဖြတ်ချက်ကသာ နောက်ဆုံး အတည်ဖြစ်ပါလိမ့်မယ်။ တပ်မတော်အနေနဲ့လည်း မြစ်ဆုံကို သီးသန့်ပြောစရာမရှိပါဘူး။ တိုက်ရိုက်လည်း သက်ဆိုင်တာ မဟုတ်ပါဘူး"

တရုတ်အစိုးရအနေနဲ့ မြန်မာပြည်တွင်း ငြိမ်းချမ်းရေးကိစ္စတွေ ရှေ့တိုးဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတေ်ာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေးဦးစီးချုပ်ကြား ဆက်ဆံရေးကို ကြားဝင် ညှိနှိုင်းပေးတဲ့ သဘောလည်း ရှိနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်ရှင်။

ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။