မင်းတပ်မှာ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်နဲ့ အဆောက်အအုံ နှစ်ရာနီးပါး ပျက်စီး

RFA Burmese
2024.03.22
မင်းတပ်မှာ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်နဲ့ အဆောက်အအုံ နှစ်ရာနီးပါး ပျက်စီး ချင်းပြည်နယ် မင်းတပ်မြို့နယ်ရှိ ကျေးရွာအချို့တွင် ၂၀၂၄ ခုနှစ် မတ်လ ၂၁ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့်နေအိမ်အဆောက်အအုံတစ်လုံးအား တွေ့ရစဉ်။
မင်းတပ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်က ကျေးရွာတွေမှာ မတ်လ ၂၁ ရက် မနေ့ ညနေ ၆ နာရီကနေ ၁၀ နာရီအထိ လေပြင်းတိုက်ခတ်ခဲ့တာကြောင့် နေအိမ်နဲ့ အဆောက်အအုံ နှစ်ရာနီးပါး ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် (၁)၊ (၂)၊ (၃) ကျေးရွာတွေမှာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတွေ အပါအ၀င် နေအိမ်တွေ အမိုးလန်တာ၊ နေအိမ်တွေပြိုကျတာတွေ ဖြစ်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"အဲဒီတိုက်နယ်တွေက ကျေးရွာပေါင်း ရှစ်ဆယ်ကျော်၊ အဲဒီရွာတွေမှာပဲပေါ့။ ပျက်စီးတာ အတော်များတယ်ဗျ၊ တချို့ဆို အိမ်တွေပါ ပြိုကျတာ။ ပြန်ပြင်ဆင်ဖို့ အကူညီတွေ တော်တော် လိုအပ်တယ်၊ မကြာခင်လည်း မိုးရာသီဆိုတော့ ကြိုပြင်ထားနိုင်မှရမှာ"

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီ ချင်းပြည်နယ်ပြောခွင့်ရ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။

ချင်းပြည်နယ်က နေရာအများစုမှာ မတ်လ ၂၁ ရက်နေ့ကစပြီး မိုးရွာသွန်းတာ၊ လေပြင်းတိုက်ခိုက်တာတွေရှိခဲ့ပြီး မြေပြိုမှုတချို့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ်လ ၂၁ ရက်နေ့ကနေ မတ် ၂၄ ရက်နေ့အထိ မြန်မာနိုင်ငံတစ်၀န်းက နေရာအတော်များများမှာ အချိန်အခါ မဟုတ် မိုးထစ်ချုန်းရွာနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက မတ်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။