၃ လအတွင်း မိုင်းပေါက်ကွဲမှုကြောင့် ၄၂ ဦး ထိခိုက်ဒဏ်ရာရရှိ

2018-04-04
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မြေမြှုပ်မိုင်းတစ်လုံးကို တွေ့ရစဉ်
မြေမြှုပ်မိုင်းတစ်လုံးကို တွေ့ရစဉ်
.

မိုင်းပေါက်ကွဲမှုကြောင့် ၃ လအတွင်း ထိခိုက်ဒဏ်ရာရသူ ၄၂ ဦး ရှိတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆက်အောင် က ဒီနေ့ ပြောပါတယ်။

နေပြည်တော် မင်္ဂလာသီရိဟိုတယ်မှာ ကျင်းပတဲ့ မိုင်းနဲ့ ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲအပြီးမှာ ဦးမျိုးဆက်အောင် က ပြောခဲ့တာဖြစ်ပါတယ်။

"၂၀၁၇ ခုနှစ်မှာ မိုင်းထိခဲ့သူအရေအတွက် ၁၇၆ ခုရှိတယ်၊ ၅၂ ယောက်ကသေတယ်၊ ၁၂၄ ယောက်က ဒဏ်ရာရတယ်၊ အားလုံးရဲ့ ၄၃ ရာခိုင်နှုန်းဟာ အမျိုးသမီးနဲ့ကလေးဖြစ်တယ်"

ဖြစ်ပွားတဲ့အရေအတွက်နဲ့ ဌာနက သတင်းရရှိတဲ့ အရေအတွက်သာဖြစ်ပြီး သတင်းမရောက်ရှိတာကြောင့် မသိရတဲ့ အရေအတွက်တွေလည်းရှိနိုင်တယ်လို့ ဦးမျိုးဆက်အောင် က ဆိုပါတယ်။

ဒါ့အပြင် ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနဲ့ စစ်လက်ကျန်ပစ္စည်းတွေကြောင့် သေဆုံးသူ ၃၀၀ ကျော်ရှိတယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့က ဒီနေ့ အခမ်းအနားမှာ ထုတ်ပြန်ခဲ့ပါတယ်။

ပဋိပက္ခတွေဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ အများဆုံးဖြစ်ပွားနေတယ်လို့ သိရပါတယ်။

မိုင်းကြောင့်ထိခိုက်ဒဏ်ရာရသူတွေကို အစိုးရက ငွေကျပ် ၂ သိန်း ထောက်ပံ့ကြေးပေးနေပြီး ပြည်တွင်း၊ ပြည်ပကနေ ခြေတုလက်တုတွေရရှိဖို့နဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေ လုပ်ကိုင်နိုင်အောင်ကူညီပေးနိုင်တယ်လို့လည်း သိရပါတယ်။ ဝန်ကြီးဌာနအနေနဲ့ မသန်စွမ်းသူတွေ စာရင်းကောက်ယူပြီး ထောက်ပံ့ပေးနိုင်ဖို့ စီစဉ်နေတယ်လို့ ဦးမျိုးဆက်အောင်က ပြောပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့