လေ့ကျင့်ရေးမိုင်းနဲ့ မိုင်းအစစ် လွဲမှားသုံးမိပြီး ပေါက်ကွဲမှုဖြစ်

2019-05-21
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သည့် ဒုရဲအုပ်အောင်မျိုးဝင်း။
မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သည့် ဒုရဲအုပ်အောင်မျိုးဝင်း။
Photo: Citizen Journalist

မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးအတွင်း မိုင်းရှင်းလင်းရေးသင်တန်းမှာ လေ့ကျင့်ရေးမိုင်းနဲ့ အစစ် လွဲမှားသုံးမိလို့ ပေါက်ကွဲမှုဖြစ်ပြီး တပ်မတော်သား သင်တန်းဆရာ တစ်ယောက် အပါအဝင် သင်တန်းသား ရှစ်ယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

သင်တန်းမှာ မိုင်းပေါက်ကွဲမှုဖြစ်တာ မှန်ကန်ကြောင်းနဲ့ ပေါက်ကွဲမှုကြောင့် ဒဏ်ရာအနည်းငယ်သာ ရရှိကြတာဖြစ်ပြီး အသက်အန္တရာယ်မစိုးရိမ်ရကြောင်းနဲ့ ဒဏ်ရာရသူတွေကို မန္တလေးအထွေထွေရောဂါကုဆေးရုံကို ပို့ဆောင် ထားကြောင်း ချမ်းအေးသာစံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းနိုင် က RFA အတည်ပြုပြောပါတယ်။

မိုင်းအမျိုးအစား အမျိုးမျိုးနဲ့ မိုင်းရှာဖွေရှင်းလင်းခြင်း(ဆင့်ပွား) သင်တန်းကို မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှာ ၃ပတ်ကြာ သင်ကြားနေတာဖြစ်ပါတယ်။

ဒီကနေ့ မေ ၂၁ ရက် မနက်ပိုင်းက လက်တွေ့သရုပ်ပြ သင်ကြားတဲ့အချိန်မှာ သင်တန်းသားတစ်ယောက်က မိုင်းအစစ်ကို တက်နင်းမိရာကနေ ပေါက်ကွဲမှုဖြစ်တာလို့ သိရပါတယ်။

လေကျင့်ရေးမိုင်းနဲ့ မိုင်းအစစ်ကို တစ်ပါတည်းယူဆောင်လာခဲ့ရာကနေ သင်တန်းမှာလက်တွေ့လုပ်တဲ့အခါ မိုင်းအစစ်ကို မှားသုံးမိတာဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်သွားမှာဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က RFA ကို ပြောပါတယ်။

ဒဏ်ရာရရှိသူတွေထဲက ရဲတပ်ဖွဲ့ဝင်တစ်ယောက်ကတော့ ဘယ်ဘက်ခြေချင်းဝတ်အောက်ဘက် ကွဲအက်တဲ့ ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး တပ်မတော်သားနည်းပြဆရာကတော့ ဒဏ်ရာမပြင်းထန်ဘူးလို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ပြောပြချက်အရ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့တာပါ။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့