ဖျော်ဖြေရေးဆိုင် မန်နေဂျာ၂ ဦး အဖမ်းခံရ


2017.06.01
ktv-nightclub-620.jpg မင်္ဂလာဈေးက ကေတီဗွီနဲ့ နိုက်ကလပ်တွေကို တွေ့ရစဉ်
Photo: Aung Thain Kha/RFA

ရန်ကုန်မြို့တော်စည်ပင်က ပိတ်သိမ်းခိုင်းထားတဲ့ မင်္ဂလာဈေးဝန်းအတွင်း ဖျော်ဖြေရေးလုပ်ငန်း တွေထဲက NASA နဲ့ LUCKY ဖျော်ဖြေရေးဆိုင်က မန်နေဂျာနှစ်ဦးကို မေလ ၂၇ ရက်နေ့ညက ပုဒ်မ ၆(၁) နဲ့ မင်္ဂလာတောင်ညွှန့် ရဲစခန်းက ဖမ်းဆီးလိုက်ပါတယ်။

သြင်္ကန်ကာလမှာ ဆိုင်တွေကို စည်ပင်ကပိတ်တဲ့အခါ အထဲမှာရှိနေတဲ့ ဆိုင်ဝန်ထမ်းတွေ ပိတ်မိနေတာကြောင့် ဆိုင်တံခါးရိုက်ဖွင့်ခဲ့တဲ့အတွက် အခုလိုအမှုဖွင့်ဖမ်းဆီးတာလို့ ဆိုင်တွေအားလုံးရဲ့ပိုင်ရှင်ဖြစ်သူ ဦးမောင်မောင်အေး က အခုလိုပြေပါတယ်။

"သြင်္ကန်မတိုင်ခင်က ကိစ္စပေါ့ဗျာ၊ ဧပြီလ၊ ဝင်းတံခါးတွေပိတ်ပြီးတော့ ဘေးကအဝင် အထွက် တံခါးကို ပါသော့ခတ်လိုက်တယ်၊ သေ့ာခတ်လိုက်တော့ ကလေးတွေက အတက်ဆင်းတောင်လုပ်လို့ မရတော့ဘူး၊ ၂ နာရီလောက်ကြာတယ် အဲ့သော့ကိုမဖွင့်ပေးတော့ ကလေးတွေက မနေနိုင်တော့ ရိုက်ဖွင့်တာ၊ အဲ့အမှုကို အခုမှပြန်ဖွင့်တာ၊ မန်နေဂျာ နှစ်ယောက်နဲ့ ကျနော့်နာမည်ကိုပါ ထည့်တိုင်ထားတာပေါ့ဗျာ၊ မန်နေဂျာနှစ်ယောက် ကို အမှုစစ်ဆေးရင်းနဲ့ ခေါ်ထားပြီး ရမန်ယူလိုက်ပါ"

အဲဒီဆိုင်တွေကို ၂ဝ၁၆ နှစ်ကုန်ပိုင်းထဲက စာပေးပို့ပိတ်သိမ်းခိုင်းထားတာဖြစ်ပြီး ဧပြီလ ၁၂ ရက်နေ့က စည်ပင်ကနေသော့လာခတ်ရာမှာ ဆိုင်ကဝန်ထမ်းတွေက သော့ဖွင့်ပေးပေးဖို့ပြောခဲ့ပေမယ့် မဖွင့်ပေးလို့ သော့ကိုရိုက်ဖွင့်လိုက်တာဖြစ်ပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး အခုမှအမှုဖွင့်ကာ မန်နေဂျာတွေကို ဖမ်းဆီးတာဖြစ်ပြီး သော့ကိုရိုက်ဖျက်ခဲ့တဲ့ ဝန်ထမ်းကတော့ လက်ရှိဆိုင်မှာမရှိတော့ဘူးလို့ ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးမောင်မောင်အေးက ပြောပါတယ်။

ဆိုင်ပိုင်ရှင်အပါအဝင် ဆိုင်မန်နေဂျာတွေနဲ့ သော့ကိုရိုက်ဖွင့်တဲ့ ဆိုင်ဝန်ထမ်းကိုပါ အမှုဖွင့်ထားတာဖြစ်ပြီး လက်ရှိမှာတော့  Lucky ကေတီဗီဆိုင်မန်နေဂျာ ကိုတင်ကိုသန်းနဲ့ NASA ကလပ်မန်နေဂျာ ကိုဝေယံမြင့် တို့ကိုဖမ်းဆီးတာဖြစ်ပါတယ်။

အဆိုပါဖျော်ဖြေရေးဆိုင်တွေဟာ စာချုပ်သက်တမ်း မကုန်သေးလို့ဆိုကာ မေလ ၂၆ ရက်နေ့မှာ ကိုယ့်သဘောနဲ့ ကိုယ် ပြန်ဖွင့်ခဲ့ပြီး နောက်တစ်ရက်မှာပဲ အခုလိုဖမ်းဆီးခံရတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။