မင်္ဂလာဈေး ညပိုင်းဖျော်ဖြေရေး အလုပ်သမားများ ဆန္ဒပြ


2017.05.14
mingalar-market-protest-620.JPG မင်္ဂလာဈေးဝန်းထဲမှာရှိတဲ့ ကေတီဗွီ၊ နိုက်ကလပ် စတဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေကို ပိတ်သိမ်းခိုင်းတဲ့အတွက် မေလ ၁၄ ရက်နေ့က ဆန္ဒပြနေကြစဉ်
Photo: Thant Zin Oo/RFA

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်က မင်္ဂလာဈေးဝန်းထဲမှာရှိတဲ့ ကေတီဗွီ၊ နိုက်ကလပ် စတဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေကို  ပိတ်သိမ်းခိုင်းတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဖျော်ဖြေရေးလုပ်ငန်းအချို့က အလုပ်သမား ၅ဝ လောက် ဒီကနေ့ တောင်ပိုင်းခရိုင် ဈေးများဌာနရုံးရှေ့နဲ့ မင်္ဂလာမွန်ဈေးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲကို ဦးဆောင်တဲ့ လပ်ကီးဖျော်ဖြေရေး လုပ်ငန်းဆိုင်ပိုင်ရှင် ဦးမောင်မောင်အေးက ဆိုင်လုပ်ငန်းအတွက် အစိုးရနဲ့ စာချုပ်ချုပ်ဆိုထားတာတွေ ကျန်နေသေးလို့ မေလ ၁၅ ရက်နေ့မှာ မရွှေ့ပြောင်းနိုင်ဘဲ ဆက်ပြီးနေထိုင် သွားမယ်လို့ ပြောပါတယ်။

"ပြောင်းဖို့အစီအစဉ်မရှိဘူး၊ လောလောဆယ် သူတို့သော့ဖွင့်ပေးမယ်လို့ပြောတယ်၊ တကယ်လို့ သော့ ဖွင့်ပေးရင် ဒီညကျတော့ ဝန်ထမ်းထားပြီးတော့နေတော့မယ်"

ဆန္ဒပြရာမှာပါဝင်တဲ့ အလုပ်သမားတွေကတော့ အခုလိုဆိုင်တွေပိတ်လိုက်လို့ စားဝတ်နေရေး အဆင်မပြေတဲ့ အတွက် ဆိုင်တွေပြန်ဖွင့်ပေးဖို့နဲ့ အလုပ်သမားတွေ အလုပ်ပြန်ရဖို့အတွက် အခုလိုဆန္ဒပြရတာလို့ ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က မင်္ဂလာဈေးဝန်းတွင်းမှာရှိတဲ့ ကေတီဗီနဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေ ကို ပြောင်းရွှေ့ပေးဖို့ ၂ဝ၁၆ နှစ်ကုန်ပိုင်းကတည်းက ဆိုင်တွေကို စာပေးပို့ထားပေမယ့် အဲ့ဒီစာမှာ ဘာကြောင့်ပြောင်းရွှေ့ရမယ်ဆိုတာ အသိပေးတာမရှိဘူးလို့ ဆိုင်ရှင်တွေက ပြောပါတယ်။

တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးကလည်း ရန်ကုန်မြို့တော်စည်ပင်အနေနဲ့ အများပြည်သူနဲ့ ဆိုင်တဲ့ လုပ်ငန်းတွေလုပ်ကိုင်ရင် ပွင့်လင်းမြင်သာစွာလုပ်ဖို့နဲ့ လွှတ်တော်ကိုလည်း အသိပေးဖို့ပြောထားတဲ့ အကြောင်းနဲ့ အခုကိစ္စအဆင်မပြေခဲ့ရင် လာမယ့် ပဉ္စမအကြိမ် လွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးမယ်လို့ ပြော ပါတယ်။

မင်္ဂလာတောင်ညွန့်မြို့နယ်က မင်္ဂလာဈေးဝန်းထဲမှာ ကေတီဗွီ၊ နိုက်ကလပ်စတဲ့ ဖျော်ဖြေရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ လုပ်ငန်းပေါင်း ၁ဝ ခုလောက် ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။