မင်္ဂလာဒုံက အိမ်ဖျက်ခံရသူတွေ သမ္မတနဲ့ NLD ထံ စာတင်မည်


2016.02.07
mingaladon-slum-refugees-620.jpg နေအိမ်တွေ ဖျက်ဆီးခံလိုက်ရတဲ့ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် စံသမာဓိရပ်ကွက်က ဒုက္ခသည်စခန်းကို ဖေဖော်ဝါရီလ ၇ ရက်နေ့က တွေ့ရစဉ်
Photo: Aung Thain Kha/ RFA

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် စံသမာဓိရပ်ကွက်က လူဦးရေ ၁၅၀ လောက်ဟာ နေစရာအိမ်မရှိတာကြောင့် နိုင်ငံတော်သမ္မတနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တို့ထံ မြေနေရာတွေ ပြန်လည်ရရှိဖို့ အသနားခံစာတင်မယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိနေရာမှာဘဲ နေထိုင်ခွင့်ရဖို့၊ တိုက်ခိုက်အကြမ်းဖက်တာတွေကို မလုပ်ဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ လက်ရှိ နိုင်ငံတော် သမ္မတ၊ ဒုသမ္မတတို့ကို အသနားခံစာတင်သွားမယ်လို့ နေအိမ်ဖျက်ဆီးခံလိုက်ရတဲ့ ဦးစောထင်အောင်က ပြောပါတယ်။

"အကြမ်းဖက်မှုတွေ နောက်ထပ်မဖြစ်အောင်၊ ဒီအကြမ်းဖက်မှုနဲ့ ပတ်သက်လို့ ဘယ်သူတွေမှာ တာဝန်ရှိတယ်ဆိုတာရော တာဝန်ရှိတဲ့လူကြီးတွေကို စုံစမ်း စစ်ဆေးရေးလေးလုပ်ပေးစေချင်တယ်၊ ဒါတွေနဲ့ ပတ်သက်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌတို့၊ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် စသဖြင့်၊ အဓိက ကတော့ နေပြည်တော်မှာ လက်ရှိတာဝန်ရှိဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ နိုင်ငံတော်သမ္မတ၊ နောက်မြေယာနဲ့ ပတ်သက်လို့တာဝန်ရှိဆုံးဖြစ်တဲ့ ဒုသမ္မတ ဦးဉာဏ်ထွန်း၊ နောက်ဒီမှာ ရဲတွေပါဝင်ပတ်သက်တဲ့အတွက် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီးကိုကို၊ နောက်ရဲချုပ်၊ နောက်တခြားလွှတ်တော်သစ်မှာတက်ရောက် လာတဲ့ တာဝန်ရှိပုဂ္ဂိုလ် တော်တော်များများကိုလဲ မေတ္တာရပ်ခံ အကူအညီတောင်းတဲ့စာတွေ ကျနော်တို့ပို့ပါမယ်"

ဦးထုပ် အပြာဆောင်း လူ ၂ဝဝ ဝန်းကျင်က မနေ့ ည ၈ နာရီခန့်မှာ အကြမ်းဖက် တိုက်ခိုက်ခဲ့လို့လူ ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ထပ်မံတိုက်ခိုက်ခံရမှာ ကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ် အမိန့်နဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်နေ့က မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်ကျေးရွာအုပ်စုက စံသမာဓိ ရပ်ကွက်အပါအဝင် ကျေးရွာ ၃ ခုကို ဝင်ရောက် ဖျက်ဆီးခဲ့ပါတယ်။

မင်္ဂလာဒုံက အိမ်ဖျက်ခံရသူတွေရဲ့ နောက်ဆုံးအခြအနေတွေနဲ့ ပတ်သက်ပြီး ဒေသခံတစ်ဦးကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းခဲ့တာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။