အားနည်းချက်များ ထောက်ပြဖို့ လျှပ်စစ်စွမ်းအားဝန်ကြီးပြော


2013.11.10
electric-minister-305 လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ကောက်ခံမည့် အစီအစဉ်အပေါ် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ အား နိုဝင်ဘာလ ၁၀ ရက်နေ့က မြန်မာငြိမ်းချမ်းရေးစင်တာ တွင် ရှင်းပြစဉ်
Photo : RFA/ Myo Zaw Ko

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရဲ့ အားနည်းချက်တွေ နဲ့ ပြုပြင်သင့်တာတွေကို ထောက်ပြဝေဖန်ပြီး အကြံပြုပေးဖို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး က နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေနဲ့ ဒီနေ့တွေ့ဆုံရာမှာ ပြောလိုက်ပါတယ်။

ရန်ကုန်မြို့ ကမာရွတ်မြို့နယ်က မြန်မာငြိမ်းချမ်းရေး စင်တာမှာ ပြည်ထောင်စုဝန်ကြီး ၃ ဦးနဲ့ နိုင်ငံရေး ပါတီတွေ တွေ့ဆုံပွဲမှာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ကြီး ဦးခင်မောင်စိုးက နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေကို ပြောခဲ့တာပါ။

"ကျနော်တို့ဝန်ကြီးဌာနနဲ့ ပတ်သက်လို့ အားနည်းချက်ရှိရင်လည်း ပြောပါ၊ လုပ်ဆောင်သင့်တာပြောပါ၊ မှားနေတာရှိရင်လည်း ထောက်ပြပါ၊ ကျနော်တို့အနေနဲ့ ဒါတွေအားလုံးကို ခံယူပြီးတော့မှ ဆောင်ရွက်သွားမယ်လို့ ပြောလိုပါတယ်၊ ဒါကြောင့် ကျနော်တို့ဝန်ကြီးဌာနအနေနဲ့ မြန်မာတစ်နိုင်ငံလုံး ဓာတ်အားမရသေးတဲ့အတွက်ကြောင့် တာဝန်လည်းမကျေပွန်သေးပါဘူး၊ ကျနော်တို့လုပ်နေတဲ့ ဓာတ်အားလိုင်းတွေ၊ ဓာတ်အားခွဲရုံတွေဟာလည်း ရှေရှည်နောက်နှစ်ပေါင်း ၂ဝ မှဖြစ်လာမယ့် နိုင်ငံသူနိုင်ငံသားတွေရဲ့ လိုအပ်ချက်တွေကို မရရအောင်ဖြည့်ဆည်းပြီးတော့ လုပ်ငန်းတစ်ခုကို ဆောင်ရွက်နေခြင်းပါ"

လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနက လျှပ်စစ်ဓာတ်အားကို ရန်ကုန်၊ မန္တလေး၊ မကွေး၊ ဧရာဝတီ၊ စစ်ကိုင်းနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတွေကို လျှပ်စစ်ဓာတ်အားခ တစ်ယူနစ်ကို ၃၅ ကျပ်နှုန်းနဲ့ လက်ရှိဖြန့်ဖြူးပေးနိုင်ပြီး ရခိုင်ပြည်နယ်မှာ တစ်ယူနစ်ကို ကျပ်ငါးရာဝန်းကျင်၊ ချင်းပြည်နယ် ဟားခါးမှာ ကျပ်ရှစ်ရာ၊ မြဝတီမှာ ကျပ်ငါးရာစတဲ့နှုန်းထားတွေနဲ့ မီးစက်ကိုအသုံးပြုပြီး လျှပ်စစ်ဓာတ်အားပေးဝေနေတယ်လို့လည်း ပြောပါတယ်။

လာမယ့်၂၀၁၄ ခုနှစ်မှာ ရခိုင်ပြည်နယ်တစ်ခုလုံးနဲ့ ချင်းပြည်နယ်တို့ကို လျှပ်စစ်မီးပေးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

RFA သတင်းထောက် မရတနာဦး စုစည်းတင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။