ပြည်ထောင်စုဝန်ကြီး ၉ ဦး ပြောင်းလဲခန့်အပ်

ပြည်ထောင်စု မြန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၃၂ နဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၂ တို့အရ ပြည်ထောင်စု ဝန်ကြီး ၉ ဦးကို ဌာနတွေ ပြောင်းလဲ ခန့်အပ်လိုက်တယ်လို့ နိုင်ငံတော် သမ္မတရုံးက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

2012.08.27
၂၀၁၂ ခုနှစ် သြဂုတ်လ ၂၇ ရက်က ပြည်ထောင်စု ဝန်ကြီးများ ဌာနပြောင်းလဲ ခန့်အပ်ကြောင်း သတင်း ထုတ်ပြန်ချက်ကို နိုင်ငံတော် သမ္မတရုံး အင်တာနက် စာမျက်နှာတွင် ဖော်ပြထားပုံ။
RFA

ဒီပြောင်းလဲ ခန့်အပ်မှုမှာ စက်မှုဝန်ကြီး ဦးစိုးသိန်း၊ ရထားဝန်ကြီး ဦးအောင်မင်း၊ အမျိုးသားစီမံကိန်းနှင့်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဦးတင်နိုင်သိန်းနဲ့ ဘဏ္ဍာအခွန်ဝန်ကြီး ဦးလှထွန်းတို့ကို သမ္မတရုံး ဝန်ကြီးတွေအဖြစ် ပြောင်းလဲ တာဝန်ပေးလိုက်ပါကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက RFA ကိုပြောပါတယ်။

လူမှုဝန်ထမ်းနဲ့ ကယ်ဆယ်ရေး ဝန်ကြီးအဖြစ် တာဝန်ယူထားတဲ့ ဦးအောင်ကြည်ကို ပြန်ကြားရေး ဝန်ကြီးအဖြစ် ထပ်မံ တာဝန်ပေးလိုက်ပြီး ယခင်ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဋ္ဌာန ၂ ခုရဲ့ ဝန်ကြီး ဦးကျော်ဆန်းကိုတော့ သမဝါယမ ဝန်ကြီးအဖြစ် ပြောင်းလဲ ခန့်အပ်လိုက်ပါတယ်။

မွေးမြုရေးနဲ့ ရေလုပ်ငန်းဝန်ကြီးနဲ့ သမဝါယမဝန်ကြီး ဌာနနှစ်ခုကို ကိုင်တွယ်တာဝန်ယူထားတဲ့ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ကိုတော့ မွေးမြုရေးနဲ့ ရေလုပ်ငန်း ဝန်ကြီးဌာန တစ်ခုကိုသာ ကိုင်တွယ်ဖို့ ပြောင်းလဲ တာဝန်ပေးလိုက်ကာ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ဝန်ကြီး ဦးအေးမြင့်ကိုတော့ စက်မှုဝန်ကြီးအဖြစ် ပြောင်းလဲ တာဝန်ပေးလိုက်ပါတယ်။

ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးနဲ့ အာကစားဝန်ကြီးဌာန နှစ်ခု တာဝန်ယူထားတဲ့ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းကတော့ အားကစားဝန်ကြီးဌာန တစ်ခုတည်းကိုသာ တာဝန်ယူ ကိုင်တွယ်ရတော့မှာ ဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ ပြည်ထဲရေး၊ ပြန်ကြားရေး၊ စွမ်းအင်၊ လူဝင်မှုကြီးကြပ်ရေးစတဲ့ ဝန်ကြီးဌာန ၁၅ ခုရဲ့ ဒုတိယဝန်ကြီးတွေကို အသစ်ရွေးချယ် ခန့်အပ်လိုက်ပြီး သမ္မတရဲ့ စီးပွားရေး အကြံပေး တစ်ဦးဖြစ်တဲ့ ဒေါက်တာ ဆက်အောင်နဲ့ မကြာမီက ဖွဲ့စည်းလိုက်တဲ့ နိုင်ငံတော် သမ္မတရဲ့ လူမှု စီးပွား အကြံပေးကောင်စီမှာ ပါဝင်တဲ့ ဒေါက်တာ ဒေါ်ခင်စန်းရီတို့ နှစ်ဦးကိုတော့  အမျိုးသားစီမံကိန်းနဲ့ ဖွံဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှာ ဒုတိယ ဝန်ကြီးတွေအဖြစ် တာဝန်ပေးလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။