စွမ်းဆောင်ရည်၊ အဂတိလိုက်စားမှုနဲ့ ကျန်းမာရေးကိုကြည့်ပြီး ဝန်ကြီးအပြောင်းအလဲလုပ်တာလို့ ပြော


2018.01.11
aungshin-nld-622.jpg NLD ပါတီ၊ ဗဟိုပြန်ကြားရေးကော်မတီ၊ အတွင်းရေးမှူး မုံရွာအောင်ရှင် ကို တွေ့ရစဉ်
Photo: RFA

တိုင်းဒေသကြီးဝန်ကြီးအချို့ကို တာဝန်ကနေ နုတ်ထွက်ခွင့်ပြုတာဟာ စွမ်းဆောင်ရည်၊ အဂတိလိုက်စားမှုနဲ့ ကျန်းမာရေးအခြေအနေတွေကြောင့် ဖြစ်တယ်လို့ အင်န်အယ်လ်ဒီပါတီ၊ ဗဟိုပြန်ကြားရေးကော်မတီ၊ အတွင်းရေးမှူး မုံရွာအောင်ရှင် က ပြောပါတယ်။

နေပြည်တော်က သင်္ဂဟဟိုတယ်မှာ ဒီကနေ့ကျင်းပတဲ့ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ Mega Links ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်တဲ့ Myanmar Digital Newspaper နဲ့ News Portal မိတ်ဆက်ပွဲအခမ်းအနား အပြီးမှာ ပြည်နယ်နဲ့ တိုင်းအချို့က ဝန်ကြီးတွေကို နုတ်ထွက်ခွင့်ပြုနေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မုံရွာအောင်ရှင် က အခုလိုပြောတာပါ။

"ဘာကို အဓိကကြည့်သလဲဆိုတော့ နံပါတ် ၁ ကတော့ စွမ်းဆောင်ရည်ပဲ၊ နံပါတ် ၂ ကတော့ အဂတိလိုက်စား တဲ့ကိစ္စတွေပါမယ်၊ တခြားလူမှုပြဿနာတွေပါမယ်၊ နံပါတ် ၃ ကတော့ ကျန်းမာရေးပါမယ်၊ အဲဒါတွေကြည့် ပြီးတော့ အပြောင်းအလဲတွေလုပ်ကြတာပဲ"

အဂတိလိုက်စားမှု၊ ဆက်ဆံရေးမပြေပြစ်တာ စတဲ့အချက်တွေနဲ့ ပြည်နယ်နဲ့ တိုင်းအဆင့် ဝန်ကြီးချုပ်၊ ဝန်ကြီးတွေနဲ့ ကိုယ်စားလှယ်တွေ ၃၀ ဦးခန့်ကို တိုင်ကြားစာတွေ ရရှိထားတယ်လို့လည်း ပြောပါတယ်။

ယခုတိုင်ကြားစာ ၃၀ ခန့်မှာ ပြည်ထောင်စုအဆင့်ဝန်ကြီးတွေ ပါဝင်တာမရှိပေမယ့် သီးခြားကိုင်တွယ်တာဖြစ်နိုင် တယ်လို့ မုံရွာအောင်ရှင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်း ကို တာဝန်က ရပ်ဆိုင်းအပြီး မကြာသေးခင်ရက်ပိုင်းက ဧရာဝတီတိုင်းဝန်ကြီးချုပ် မန်းဂျော်နီ၊ ဝန်ကြီးတစ်ဦး၊ မကွေးတိုင်းက ဝန်ကြီးနှစ်ဦးတို့ကို တာဝန်က နုတ်ထွက်ခွင့်ပြုလိုက်တာပါ။

ဒါပေမယ့် တိုင်းဝန်ကြီးချုပ် မန်းဂျော်နီအနေနဲ့ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ်သာမက တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အဖြစ်ပါ ဆက်ရှိနေမယ်လို့ မုံရွာအောင်ရှင်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။