သတ္တုတွင်းဝန်ကြီးဌာနနှင့် The Voice ဂျာနယ်အမှု စွဲချက်တင်ဖို့ အမိန့်ချ

သတ္တုတွင်းဝန်ကြီးဌာနက The Voice ဂျာနယ်ကို ပြစ်မှုဆိုင်ရာ ပုဒ်မ ၅၀၀ နှင့် တရားစွဲဆိုထားမှုကို စွဲချက်တင်သင့်၊ မတင်သင့် ဒဂုံမြို့နယ်တရားရုံးမှာ ဒီကနေ့ မနက်ပိုင်းက ကြားနာစစ်ဆေးခဲ့ပြီး တရားသူကြီးက စွပ်စွဲချက်တင်ဖို့ အမိန့်ချလိုက်တယ်လို့ သိရပါတယ်။

2012.09.20
kyaw-min-swe-082312-b305 ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၃ ရက်က The Voice ဂျာနယ်နှင့် သတ္တုတွင်း ဝန်ကြီးဋ္ဌာနအမှု ရုံးချိန်းသို့ ရောက်ရှိလာသည့် အယ်ဒီတာချုပ် ကိုကျော်မင်းဆွေ သတင်းထောက်များနှင့် တွေ့ဆုံနေစဉ်။
RFA

မြို့နယ်တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို တိတိကျကျ သိရပြီဖြစ်တဲ့အတွက် တိုင်းဒေသကြီး တရားရုံးကနေ ပြည်ထောင်စု တရားရုံးအထိ အဆင့်ဆင့် အယူခံ တင်သွားဖို့ စီစဉ်ထားတယ်လို့ အယ်ဒီတာချုပ် ကိုကျော်မင်းဆွေက RFA ကိုအခုလို ပြောပါတယ်။

"၁၄ ကြိမ်မြောက် နှစ်ဖက်လျှောက်လဲချက်တွေ အားလုံးကို ဒဂုံမြို့နယ်တရားသူကြီး ဒေါ်ခင်သန့်စင်က ကြားနာပြီးတဲ့အခါမှာ စွဲချက်တင်တာကို လက်ခံဖို့ ဒီနေ့ စီရင်ချက်ချတယ်။ မြို့နယ်ရုံး အဆင့်မှာ ဒီလိုဆုံးဖြတ်တယ် ဆိုရင်တော့ ခရိုင်ရုံးမှာ ကျွန်တော် တို့က ဆက်ပြီးတော့ တင်မှာပေါ့နော်။ တိုင်းဒေသကြီး။ တိုင်ဒေသကြီးကနေ မရရင် ပြည်ထောင်စုအဆင့် ကျွန်တော်တို့ ဆက်တက်ဖို့ ရှိပါတယ်"

အခုနှစ် မတ်လ ၁၆ ရက်နေ့ထုတ် The Voice ဂျာနယ်စာစောင်မှာ အစိုးရဝန်ကြီးဌာနတချို့၏ အလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ ဆိုတဲ့သတင်းကို ဖော်ပြခဲ့တာနဲ့ ပတ်သက်လို့ သတ္တုတွင်း ဝန်ကြီးဌာနက မဟုတ်မမှန် စွပ်စွဲရေးသားချက်ဆိုပြီး ထုတ်ဝေသူ၊ အယ်ဒီတာချုပ်နှင့် သတင်းရေးသားသူတွေကို အရေးယူဖို့ ဒဂုံမြို့နယ် တရားရုံးကို ဒီနှစ်မတ်လမှာ ဦးတိုက် လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။