နိုင်ငံတကာနဲ့ ဆက်ဆံရေး လျော့နည်းခဲ့


2018.05.31
myintthu-622.jpg နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူကို ၂ဝ၁၈ ခုနှစ် မေလ ၃၁ ရက်နေ့က တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA

မြန်မာနိုင်ငံဟာ ရခိုင်အရေးကိစ္စကြောင့် အမေရိကန်ပြည်ထောင်စု၊ ဥရောပနိုင်ငံတွေနဲ့ ဆက်ဆံရေးနွေးထွေးမှု လျော့နည်းခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ပြောပါတယ်။

နေပြည်တော်မှာ ဒီနေ့ ပြုလုပ်ခဲ့တဲ့  နိုင်ငံခြားရေးဝန်ကြီးဌာနအပါအဝင် အစိုးရဝန်ကြီးဌာနတွေရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ နိုင်ငံတကာဆက်ဆံရေးအပေါ် ဦးမြင့်သူက ပြောခဲ့တာပါ။

အစိုးရရဲ့ ပထမ တစ်နှစ်တာကာလအတွင်းမှာ နိုင်ငံတကာဆက်ဆံရေးမှာ သိသာတဲ့ တိုးတက်မှုတွေရခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂ဝ၁၆၊ ၂ဝ၁၇ ခုနှစ် ရခိုင်ပြည်နယ်မှာ ARSA အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေအပြီး အထင်အမြင် လွဲမှားမှုတွေ၊ ဖိအားပေးမှုတွေရှိခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မြန်မာအစိုးရရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်တွေမှာတော့  နိုင်ငံတကာက ဆက်လက်ထောက်ခံတဲ့ အနေအထားရှိတယ်လို့လည်း ဦးမြင့်သူက ပြောပါတယ်။

အစိုးရအနေနဲ့ နိုင်ငံတကာမျက်နှာစာမှာ စိန်ခေါ်မှုတွေ၊ ဖိအားတွေကို တုန့်ပြန်ဖြေရှင်းနေသလို တဖက်ကလည်း ချမှတ်ထားတဲ့ ဘက်မလိုက်မူဝါဒတွေနဲ့အညီ ဆောင်ရွက်နေတယ်လို့ ဦးမြင့်သူက ပြောပါတယ်။

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားသူတွေ ပြန်လည်လက်ခံရေးကိစ္စကို ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာအစိုးရနဲ့ UNHCR တို့ မကြာခင် လက်မှတ်ရေးထိုးမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ပြောပါတယ်။

မြန်မာအစိုးရဟာ ၁၉၉၃ ခုနှစ်ဝန်းကျင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားသူတွေကို ပြန်လည်လက်ခံ ခဲ့တဲ့ အစီအစဉ်မှာလည်း UNHCR နဲ့ ပထမအကြိမ် လက်မှတ်ရေးထိုးခဲ့ဖူးပါတယ်။

ဒီကနေ့ နေပြည်တော်က ပြန်ကြားရေးဝန်ကြီးဌာနမှာကျင်းပတဲ့ အစိုးရရဲ့ ဒုတိယတနှစ်တာကာလ သတင်းစာ ရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့နဲ့ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့က ရှင်းလင်းခဲ့တာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ အစိုးရရဲ့ ဒုတိယတနှစ်တာကာလ သတင်းစာရှင်းလင်းပွဲကို ဒီကနေ့ နောက်ဆုံးကျင်းပတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။