ကိုးကန့်နဲ့ ပလောင်အဖွဲ့တို့ UNFC မှ နှုတ်ထွက်ခွင့်တောင်း


2016.05.16

လက်ရှိ စစ်ရေး နိုင်ငံရေးအပါအဝင် ငြိမ်းချမ်းရေးအတွက် NCA လက်မှတ်ရေးထိုးရာမှာ အဆင်ပြေ ချောမွေ့စေဖို့ အတွက်ဆိုပြီး မြန်မာအမျိုးသား ဒီမိုကရက်တစ်တပ်မတာ် MNDAA တပ်ဖွဲ့နဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး PSLF အဖွဲ့နှစ်ဖွဲ့ဟာ တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစုအဖွဲ့တစ်ခုဖြစ်တဲ့ ညီညွတ်သော တိုင်းရင်း သား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်ခွင့် တောင်းဆိုလိုက်တယ်လို့ သိရ ပါတယ်။

UNFC အဖွဲ့ကနေပြီး အခုလို နုတ်ထွက်ခွင့် တောင်းဆိုတာနဲ့ ပတ်သက်ပြီး PSLF အထွေထွေအတွင်းရေးမှူး ဒုဗိုလ်မှူးကြီး တာ့ဘုန်းကျော် က RFA ကို အတည်ပြု ပြောဆိုပါတယ်။

"ကျနော်တို့ရှိနေတဲ့ နိုင်ငံရေးအခြေအနေ စစ်ရေးအခြေအနေတွေကြောင့် ကျနော်တို့နဲ့ ကိုးကန့်အဖွဲ့နဲ့က UNFC ကနေ လိုက်ပါနိုင်ဖို့ အခက်အခဲရှိလို့ နုတ်ထွက်ခွင့်ကို တောင်းထားတာပါ။ ဒါပေမဲ့ UNFC ဘက်ကတော့ နုတ် ထွက်မလား မနုတ်ထွက်ဘူး ဆိုတဲ့ကိစ္စတော့ သူတို့ ဘာမှမပြောသေးပါဘူး။ ကျနော်တို့ PSLF ရယ် ပြီးတော့ ကိုးကန့်အဖွဲ့ရယ် ကျနော်တို့ တပြိုင်နက်ထဲ တောင်းထားတာပါ။ အဓိကကတော့ ကျနော်တို့ဘက်မှာ စစ်ရေး အခြေအနေတွေ အရမ်းတင်းမာနေတယ် တိုက်ပွဲတွေ ဖြစ်နေတယ် တောက်လျှောက်လည်း ဖြစ်နေတယ်၊ ဒါပေမဲ့ ကျနော်တို့ UNFC ရဲ့ ပူးပေါင်းဆောင်ရွက်မှုက ကျနော်တို့အပေါ်မှာ အရမ်းကို အားနည်းခဲ့တယ်။  အခု အစိုးရသစ် တက်လာတဲ့အချိန်မှာလည်း စစ်ရေးဖိအားတွေ ထပ်ရှိနေတယ်။ အဓိကတော့ NCA ထိုးပြီးနောက်ပိုင်းမှာ ပိုပြီး ပြသနာရှိလာတာပေါ့ လက်မှတ်ထိုးပြီးတဲ့ နောက်ပိုင်းမှာ UNFC က ကျနော်တို့ကြောင့် ဒီ NCA ထဲမှာ လိုက်ပါနိုင်ဖို့ အခက်အခဲတွေ ရှိသွားနိုင်တယ်"

တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစုအဖွဲ့ဖြစ်တဲ့ UNFC အဖွဲ့ထဲ့ နုတ်ထွက်ခွင့် တောင်းဆိုထားတဲ့ စာကိုတော့ မေလ ၉  ရက်နေ့က ပေးပို့ထားတာဖြစ်ပေမယ့် UNFC အဖွဲ့က နုတ်ထွက်ခွင့်ပြုတယ် မပြုဘူး ဆိုတာကိုတော့ တစ်စုံတရာ အကြောင်းပြန်ကြားခြင်း မရှိသေးဘူးလို့လည်း ဆက်ပြောပါတယ်။

UNFC အဖွဲ့ကနေ နုတ်ထွက်ခွင့် တောင်းခံထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာအမျိုးသား ဒီမိုကရက်တစ်တပ်မတာ် MNDAA အဖွဲ့က ပြင်ပဆက်ဆံရေး တာဝန်ခံတစ်ဦးဖြစ်တဲ့ ဦးဖုန်ဝင်းနိုင် ကတော့ MNDAA ဗဟိုကနေပြီး သတင်းမီဒီယာတွေကို မပြောဆိုဖို့ ပိတ်ပင်ထားကြောင်း အခုလို ပြောဆိုပါတယ်။

"အခုလောလောဆယ် ကျနော်တို့ ဗဟိုက ပြောပိုင်ခွင့် မပြုထားဘူး။ ကျနော်တို့က အားလုံးက ဘဝတူ တိုင်းရင်းသားတွေပဲ၊ ကျနော်တို့ရဲ့ ခရီးစဉ်က အဝေးကြီး ရှိသေးတယ်၊ အဲ့ဒါကတော့ လုပ်ငန်းတော့ အများကြီး ဆက်လုပ်ရအုံးမှာပဲနော်။ ကျနော်တို့ ဗဟိုက သတင်းနည်းနည်းပိတ်ထားတယ်"

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ နုတ်ထွက်ခွင့် တောင်းဆိုထားတာနဲ့ ပတ်သက်ပြီး ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ကခေါင်းဆောင်တွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ နီးစပ်တဲ့သတင်းတွေအရ TNLA အဖွဲ့ နဲ့ MNDAA အဖွဲ့ နှစ်ဖွဲ့ နုတ်ထွက်ခွင့်တောင်းဆိုထားမှုနဲ့ ပတ်သက်ပြီး UNFC အဖွဲ့အနေနဲ့ ပြန်လည်ညှိနှိုင်းဆွေးနွေးသွားဖို့ ကြိုးစားနေပြီး အခုမေလကုန်ပိုင်းမှာလည်း UNFC အစည်းအဝေးတစ်ရပ် ခေါ်ယူကျင်းပသွားဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် အခုလို UNFC အဖွဲ့က နုတ်ထွက်တာဟာ UWSA ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် NDAA-ESS မိုင်းလားတပ်ဖွဲ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ ရက္ခိုင့် တပ်မတော် AA တို့နဲ့ ပူးပေါင်းပြီး တပ်ပေါင်းစုတစ်ခု ထပ်မံဖွဲ့စည်းမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာတွေ လည်း ရှိနေပါတယ်။ ဒီအပေါ်မှာ PSLF အဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူး တာ့ဘုန်းကျော် က သူတို့အဖွဲ့အနေ နဲ့ လောလောဆယ် အဲ့လိုမျိုး စဉ်းစားထားချက် မရှိသေးကြောင်း ပြောဆိုပါတယ်။

UNFC အဖွဲ့က နုတ်ထွက်ခွင့် တောင်းဆိုထားတဲ့ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) ဖြစ်တဲ့ ကိုးကန့်ဒေသဟာ မြန်မာအစိုးရနဲ့ ၁၉၈၉  ခုနှစ်မှာ အပစ်အခတ်ရပ်စဲရေး ရယူခဲ့ပြီးဖြစ်ပေမယ့် ၂၀၀၉  ခုနှစ် သြဂုတ်လ ၈ ရက်နေ့မှာ MNDAA တပ်ဖွဲ့တွေကို အစိုးရစစ်တပ်က တိုက်ခိုက်ခြေမှုန်းခံခဲ့ရတဲ့ အဖွဲ့ဖြစ်ပါတယ်။

ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF အဖွဲ့ကတော့ ၁၉၉၂ ခုနှစ် မှာစတင်ဖွဲ့စည်းခဲ့ပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ကို ၂၀၀၉  ခုနှစ်မှာ ပြန်လည်ဖွဲ့စည်းကာ ပလောင်ဒေသပြန်လည်စိုးမိုးရေးနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းတွေကို မဟာမိတ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးတွဲလုပ်ဆောင်နေတဲ့ အဖွဲ့ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။