အမှန်ပြောမယ့် ရဲတပ်ဖွဲ့ဝင်တွေကို ခြိမ်းခြောက်တာဖြစ်ကြောင်း ဒုရဲမှူးမိုးရန်နိုင် ပြောကြား

ရိုက်တာ သတင်းထောက် ၂ ဦး အမှုရဲ့ တရားလိုပြသက်သေ ဒုရဲမှူး မိုးရန်နိုင် ဟာ သူ့ကို ထောင်ချလိုက်တာဟာ နောက်ထပ်အမှန်တရား ပေါ်ထွက်လာမယ့် ရဲတပ်ဖွဲ့ဝင်တွေကို ခြိမ်းခြောက်လိုက်တာလို့ ဒီနေ့ ပြောပါတယ်။

ဒုရဲမှူး မိုးရန်နိုင်ဟာ မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့ ရိုက်တာ သတင်းထောက် နှစ်ဦး အမှုအတွက် ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်တရားရုံးမှာ ဒုတိယအကြိမ် ဒီနေ့ သက်သေထွက်ဆိုပြီး တဲ့နောက် အခုလိုပြောတာဖြစ်ပါတယ်။

"အဲလိုထောင်ချလိုက်တာက နောက်ထပ်အမှန်တရားကို ပေါ်ထွက်လာမယ့် ရဲတပ်ဖွဲ့ဝင်တွေကို ခြိမ်းခြောက်လိုက်တာပဲလို့ ကျနော်မြင်ပါတယ်၊ ကျနော်တို့က အမှန်တရားနဲ့ ထောင်ကျမသွားဖို့ပဲ လိုပါတယ်"

ဒါ့အပြင် ရဲတပ်ဖွဲ့မှာ ဥပဒေထက် ကျော်လွန်တဲ့အမိန့်တွေ ညွှန်ကြားချက်တွေကို ဖြေလျှော့ဖို့လိုကြောင်း အကြီးအကဲ တွေကို ပြောလိုတယ်လို့လည်း ဆိုပါတယ်။

ဒုရဲမှူး မိုးရန်နိုင်ဟာ ရိုက်တာ သတင်းထောက်နှစ်ဦး ထောင်ချောင်ဆင် ဖမ်းဆီးခံရတဲ့ အခြေအနေအသေးစိတ်ကို ဒီနေ့ တရားရုံးမှာ သက်သေထွက်ဆိုခဲ့တယ်လို့ သတင်းထောက်နှစ်ဦးရဲ့ ရှေ့နေ ဦးသန်းဇော်အောင်က ပြောပါတယ်။

ရိုက်တာ သတင်းထောက် ကိုဝလုံး နဲ့ ဒုရဲမှူး မိုးရန်နိုင်ဟာ အင်တာဗျူး ဖြေဆိုခဲ့ဖူးသူ ဖြစ်ပါတယ်။

သတင်းထောက်နဲ့ စကားပြောဆို တွေ့ဆုံတယ်ဆိုပြီး ရဲစည်းကမ်းဖောက်ဖျက်မှုဥပဒေနဲ့ အင်းစိန်အကျဉ်းထောင်မှာ ထောင်ဒဏ်တစ်နှစ် ချမှတ်ခံထားရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့က ပထမအကြိမ် သက်သေထွက်ဆိုစဉ်မှာ ရိုက်တာ သတင်းထောက် နှစ်ဦးကို ရဲမှူးချုပ် တင်ကိုကို က ထောင်ချောက်ဆင် ဖမ်းဆီးဖို့ အမိန့်ပေးတာလို့ ဒုရဲမှူး မိုးရန်နိုင် က ထွက်ဆိုခဲ့ပါတယ်။ အမှန်တရား ကို ထွက်ဆိုခဲ့တဲ့အတွက် နောင်တရလားလို့ သတင်းသမားတွေက ဒီနေ့ မေးမြန်းရာမှာ သူ့အနေနဲ့ နောင်တ မရကြောင်း ဒုရဲမှူး မိုးရန်နိုင် က ပြောပါတယ်။

လာမယ့် မေလ ၁၆ ရက်နေ့ ရုံးချိန်းမှာ ဒုရဲမှူး မိုးရန်နိုင်နဲ့အတူ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ရဲတပ်ကြပ် ခင်မောင်လင်း တရားလိုပြသက်သေအဖြစ် ထွက်ဆိုမယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ရဲတပ်ကြပ် ခင်မောင်လင်း ကို ဘယ်နေရာမှာ ဖမ်းဆီးစစ်ဆေးနေတယ် ဆိုတာကို မသိရှိရသေးပါဘူး။